နေပြည်တော်ဒေသအတွင်းရှိ မြို့နယ်များတွင် အိမ်ခြံမြေစျေးနှုန်းများမှာ ယခုရက်ပိုင်းအတွင်း သိသာစွာ မြင့်တက်လာပြီး ပုဗ္ဗသီရိဘက်မှ မြေကွက်များမှာ အခြားသောမြို့နယ်များထက် စျေးနှုန်းများ ပိုမိုမြင့်မားနေကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ရွှေကြာပင်-သပြေကုန်း - သာယာကုန်း- ဇမ္ဗူသီရိတို့အတွင်းရှိ အိမ်ခြံမြေဈေးများမှာလည်း တက်အားကောင်း နေပြီး ရွှေကြာပင်တစ်ဝိုက်တွင် အနည်းဆုံး သိန်း ၄,၅၀၀ နှင့်အထက် စျေးခေါ်နေကြောင်း၊ သပြေကုန်းတွင် ပေ ၆၀ ပတ်လည် အကွက်ကို သိန်း ၁၀,၀၀၀ နှင့်အထက်အထိ စျေးခေါ်ရောင်းနေပြီး ရွှေကြာပင်ရပ်ကွက်တွင်လည်း ယခင်ကကဲ့သို့ ကျပ်သိန်း ၃,၀၀၀ ဝန်းကျင်ဖြင့် မရနိုင်တော့သည့်အခြေအနေမျိုးဖြစ်နေကြောင်း သိရသည်။လက်ရှိကာလတွင်နေပြည်တော်သို့ စီးပွားရေးဈေးကွက်ရင်းနှီးမြုပ်နှံလိုသူများ၊ လုပ်ငန်းများတိုးချဲ့လုပ်ကိုင် လိုသူများ ရှိလာပြီး စီးပွားရေးလုပ်ကိုင်၍ကောင်းသောနေရာများသို့ ရွေးချယ်ဝယ်ယူထားကြခြင်းများရှိကြသည်။ ထို့ကြောင့်ပင် အိမ်ဝိုင်းခြံမြေဈေးနှုန်းများမှာ ယခင်ကထက် သိသိသာဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။



