မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း အများအပြားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ၏ ဖော်ပြချက်အရ သိရသည်။မူးယစ်ဆေးဝါးများ ထုတ်လုပ်နေသည်ဟူသော သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်၌ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရာ မိုင်းဆတ်မြို့နယ် ဝမ်လုံးကျေးရွာအနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။ထိုသို့ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများအနက် Promethazine အမှတ်တံဆိပ် ချောင်းဆိုးပျောက်ဆေးရည်ဘူးများ၊ အစားအသောက် ဆိုးဆေးပစ္စည်းများ၊ စိစစ်ဆဲ ဆေးရည်များပါဝင်သော ရာနှင့်ချီသည့် ပုလင်းငယ်များ၊ စိစစ်ဆဲ အဖြူရောင်အမှုန့်များပါဝင်သော အိတ်များ၊ ဘိန်း၊ ဘိန်းဖြူဘလောက်တုံးတစ်တုံး၊ အဖြူရောင်ပုံဆောင်ခဲများနှင့် WY စိတ်ကြွဆေးပြား အများအပြား ပါဝင်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။



