အသစ်ပြသလိုက်သည့် ယူကရိန်းစစ် ၄ နှစ်ပြည့် BBC မှတ်တမ်းရုပ်ရှင်တွင် စစ်ပြေးရုရှားစစ်သားများ ကိုယ်တိုင် ပြန်ပြောင်းသက်သေပြပြောဆိုမှုများအရ ရုရှားတပ်မှူးများသည် မိမိတပ်သားများကို အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ကြကြောင်း အခိုင်အမာ သိရှိရသည်။ယင်းမှတ်တမ်းရုပ်ရှင်မှာ The Zero Line: Inside Russia’s War ဖြစ်ပြီး စစ်အတွင်းမှ ထွက်ပြေးလွတ် မြောက်လာသည့် ဒီမာဆိုသော ရုရှားစစ်သားက သူ့မျက်စိရှေ့မှာပင် ရုရှားတပ်မှူးက ရုရှားစစ်သား အယောက် ၂၀ အား တွင်းထဲထည့်ကာ နှိပ်စက်ပြီး စစ်သုံးစကားတွင် ရှင်းပစ်ဟု အဓိပ္ပာယ်ရသည့် “zeroed” ဆိုသည့် စကားဖြင့် အမိန့်ပေး သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု ပြောပြသွားခဲ့သည်။ပူတင်၏ ယူကရိန်းကျူးကျော်စစ်ကို အနောက်အင်အားစုက လူသားများကို အသားကြိတ်စက်အတွင်း ထည့်သွင်းနေသည့်အတိုင်း သေဆုံးစေမှုကြောင့် meat Grinder၊ meat storm စသဖြင့်ခေါ်ဆိုကြရာ လွတ်မြောက်ကာ ခိုလှုံလာသည့် ရုရှားစစ်ပြေး ၄ ယောက်က ၎င်းတို့ အတွေ့အကြုံများကို ယင်းမှတ်တမ်းရုပ်ရှင်တွင် ပြောပြခဲ့ခြင်းဖြစ်သည်။
လီမာက မိမိနှင့် ရဲဘော်ရဲဘက်များစွာအပေါ် တပ်မှူးများက အမိန့်မနာခံမှုဖြင့် သတ်ဖြတ်ခဲ့သည်မှာ မနည်းမနောရှိကြောင်း၊ လျှပ်စစ်ကျဉ်စက်ဖြင့် နာရီပေါင်း၊ နေ့ပေါင်းများစွာ တို့ခြင်း၊ အစားအငတ် ထားခြင်း၊ ကျင်ငယ်ရေးများဖြင့် ပန်းခြင်း၊ နောက်ဆုံး ပစ်သတ်ခြင်းများလုပ်ဆောင်သည်မှာ အစုလိုက် အပြုံလိုက်ရှိကြောင်း ဆိုသည်။နောက်ထပ် စစ်ပြေးတစ်ဦးဖြစ်သော အီလီယာဆိုသူက ၂၀၂၄ ခုနှစ်မေလ တွင် ယူကရိန်းစစ်မျက်နှာပြင်သို့ အခြားတပ်သားသစ် ၇၈ ယောက်နှင့် အတူရောက်ခဲ့ကြောင်း၊ ကွပ်ကဲ ရေးစခန်းတွင် တာဝန်ကျသဖြင့် ရှေ့တန်းဆက်မလိုက်ခဲ့ရသော်လည်း စစ်ပြေး ၄ ယောက်ကို တပ်မှူးက ပစ်သတ်ခဲ့သည်အား တွေ့ရှိရသဖြင့် မိမိလည်း ထွက်ပြေးခဲ့ရကြောင်း ပြောဆိုထားသည်။ ဝမ်းနည်းစရာအကောင်းဆုံးမှာ ရဲဘော်တစ်ဦးကို တပ်ပြေးမှုနှင့် ဝတ်လစ်စလစ်ထားပြီး အစာငတ်ခံထားကာ တပ်မှူးထံမှ အမိန့်တောင်းစဉ် Zero လိုက်ဟုသာ အမိန့်ပေးသဖြင့် တောင်းပန်နေသည့်ကြားမှ ပစ်သတ်ခံရကြောင်း၊ ထိုသို့သော ဖြစ်စဉ်ဖြင့် ၄ ယောက် သတ်ခံရသည်ကို တွေ့မြင်ရသောကြောင့် စစ်ပွဲအတွင်းမှ ထွက်ပြေး လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု အီလီယာက ဖွင့်ဟခဲ့သည်။
၂၇ နှစ်အရွယ် ဒင်းနစ်ဆိုသော ရုရှားစစ်သားကလည်း တပ်မှူးသည် သေတွင်းစစ်တလင်းထဲသို့ ကနဦး ၃ ဦးစေလွှတ်ကာ အသေခံစေပြီး မအောင်မြင်မိချင်း တိုးတိုးပြီး ထပ်သေခိုင်းရာတွင် အယောက် ၅၀ လုံး မပြန်လမ်းထဲ ရောက်သွားခဲ့သည်ကို မြင်သိခဲ့ရကြောင်း၊ ၃ ရက်အတွင်း စစ်သည် ၂၀၀ ကျော် သေမင်းတမန်တလင်းထဲ စေလွှတ်သဖြင့် အားလုံး သေဆုံးခဲ့ရကြောင်း ပြောပြသည်။ စစ်ပြေးလုပ်သူများကို မိလျှင် နှိပ်စက်ညှင်းပန်းပြီး သတ်ပစ်သည်ကိုပင် အွန်လိုင်းပေါ်တင်ကာ အကြောက်တရားရစေရန် လုပ်ဆောင် ကြကြောင်း၊ ထို့ကြောင့် အိပ်မက်ဆိုးအဖြစ် အလောင်းများပုံထပ်နေသော တောအတွင်းမှ ရွံ့ဗွက်များ ထဲ အမြဲပိတ်မိနေသည့်အိပ်မက်သာ ဆက်ကာဆက်ကာ မက်နေရကြောင်း ဒင်းနစ်က ပြောသွားခဲ့သည်။



