မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာတွင် ရော်ဘာခြံလုပ်သားမိသားနှစ်စုမှ အသက် ၁၂ နှစ်အရွယ်နှင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်နှစ်ဦး ၁၅ ရက်ကြာ ပျောက်ဆုံးနေပြီး သတင်းအစအနမရသေးကြောင်း မိသားစုနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။လွန်ခဲ့သည့်ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ခြံချင်းနီးသည့် အဆိုပါကလေးငယ် ၂ ဦးသည် ၎င်းတို့နေထိုင်ရာ ရော်ဘာခြံတွင် ဆော့ကစားနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ကာယကံရှင်မိသားစုနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ ရော်ဘာခြံမိသားစုနှင့်ရင်းနှီးသူ ခြံလုပ်သားတစ်ဦးက ကလေးငယ်နှစ်ဦးကို ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောဆိုနေသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။သို့သော် ကလေးငယ်နှစ်ဦးပျောက်ဆုံးပြီး ရက်ပိုင်းအကြာတွင် အဆိုပါ ခြံလုပ်သားဆိုသူက နေရပ်သို့ပြန်သွားပြီး သတင်းအစအန ပျောက်ဆုံးသွားသဖြင့် သံသယဖြစ်စရာဖြစ်သည်ဟုလည်း ဆိုသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်များက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မွန်ပြည်သစ် တာဝန်ရှိသူများထံ သွားရောက်တိုင်ကြားထားပြီး ကျူးလွန်သူကို ဖော်ထုတ်နိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်ဟု သိရသည်။



