မြစ်ကြီးနားမြို့မှာ အများပြည်သူသုံး လမ်းမပေါ်သဲကျောက်သယ်တဲ့ ကားကြီးတွေစည်းကမ်းမဲ့မောင်းနှင်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သေချာကြပ်မတ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။လက်ရှိမှာ စီတာပူ၊ စက်မှုဇုန်၊ မန်ခိန် စတဲ့ ရပ်ကွက်တွေနဲ့ နီးတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ“မြစ်ကြောင်းရှင်းလင်းရေးစီမံကိန်း” ဆိုတဲ့ ခေါင်းစီးအောက်ကနေ သဲကျောက်တွေ တူးဖော်ပြီး တုံဖုန်းကားတွေနဲ့ နေ့စဉ်သယ်ယူနေကြတာ ဖြစ်ပါတယ်။
မြို့ခံတွေပြောတာက ဒီသဲကျောက်တင်တဲ့ကားတွေဟာ အမိုးနဲ့ဖုံးအုပ်ထားခြင်းလည်းမရှိတဲ့အတွက် သဲကျောက်ကားဖြတ်မောင်းလာတဲ့လမ်းတစ်လျှောက် ရေ၊ဖုံ၊သဲများလွှင့်စင်နေတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေ သွားလာဖို့ခက်ခဲတာ ယာဉ်လမ်းကြောင်းပိတ်ဆို့တာတွေလည်းကြုံနေရတယ်လို့ သိရပါတယ်။



