မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်မှာ မြန်မာနိုင်ငံသား ၂၅ ဦး အပါဝင် တရားမဝင် ဝင်ရောက်လာတဲ့နိုင်ငံခြားသား ၂၇ ဦးကို လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားတယ်လို့ ယမန်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနဟာ သတင်းအရ Wakaf Che Yeh ရှိ ၂၄ နာရီ ညဈေးအနီးရှိ ဟိုတယ်တစ်ခုရဲ နောက်ဘက်မှာ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၇ နာရီခန့်က ဝင်ရောက်စီးနင်း စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ စစ်ဆေးမှုအတွင်း မြန်မာအမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၈ ဦး စုစုပေါင်း ၂၀ ဦး ကို စတင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ဟာ အသက် ၁၇ နှစ်မှ ၄၀ နှစ်ကြားရှိသူတွေ ဖြစ်ကြပါတယ်။ခြံဝင်းအတွင်း ဆက်လက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၅ ဦး ထပ်မံတွေ့ရှိခဲ့သလို၊ ဟိုတယ်ခေါင်မိုးပေါ်မှာ ပုန်းအောင်းနေတဲ့ တရုတ်နိုင်ငံသား ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ဒီဖြစ်စဉ်မှာ အထောက်အထားမဲ့တွေရဲ့ နောက်ကွယ်က ပွဲစားလို့ ယူဆရတဲ့ အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ၎င်းကို လူကုန်ကူးမှုတိုက်ဖျက်ရေးအက်ဥပဒေ ၂၀၀၇၊ ပုဒ်မ ၂၆ (က) အရ အမှုဖွင့်ထားကြောင်း သိရပါတယ်။
ကျန်ရှိတဲ့ နိုင်ငံခြားသား ၂၇ ဦးစလုံးကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(ဂ) ဖြစ်တဲ့ တရားဝင် အထောက်အထားမရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်မှုဖြင့် အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


