ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တဦး ပျောက်ဆုံးခဲ့ပြီး မီးသဂြိုဟ်ပြီးမှ သေဆုံးကြောင်း သိရသည့်ကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်ကို မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူက ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြောသည်။ တာချီလိတ်မြို့တွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ၎င်း၏ နေအိမ်၌ရှိနေစဉ် ၎င်း၏ သူငယ်ချင်း အမျိုးသမီးက လာရောက်ခေါ်ဆောင်သည့်အတွက် ကထော့ဆိုင် (ဘိန်းစာရွက်အရည်ရောင်းချသည့်ဆိုင်)သို့ တခြားသူငယ်ချင်းများနှင့်အတူ သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုအချိန်မှစ၍ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လူပျောက်ကြောင်း ပို့စ်တင်ခြင်း၊ လူပျောက်တိုင်ကြားခြင်းများ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းတွင်မှ သေဆုံးသွားပြီဖြစ်ကြောင်းကို မိသားစုဝင်များက သိရှိခဲ့ရခြင်း ဖြစ်သည်။ အလားတူ အလောင်းပြန်လည်တွေ့ရှိချိန်က ရိုက်ကူးထားသည့် ဓာတ်ပုံများကို မိသားစုဝင်တချို့ ကြည့်ရှုခွင့်ရခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများ တွေ့ရသည်ဟု ပြောဆိုမှုရှိကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။သေဆုံးသွားသည့် အမျိုးသမီး၏ ရက်လည်ဆွမ်းသွပ်ခြင်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ၎င်း၏ နေအိမ်၌ပင် ပြုလုပ်ခဲ့ကြောင်း သိရသည်။



