နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာပြည်နယ် ကျေးရွာတစ်ရွာ၌ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅၀သေဆုံးခဲ့ရကြောင်း ပြည်နယ် တာဝန်ရှိ သူများက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။အဆိုပါ သေနတ်သမားများသည် တန်ဂန်ဒူဆီ အမည်ရှိ ကျေးရွာကိုဖေဖော်ဝါရီ ၁၉ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်များကို မီးရှို့၍ပြေးလွှားရှောင်တိမ်း၍ ကြိုးပမ်းခဲ့ သော ရွာသူ၊ ရွာသားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဇမ်ဖာရာပြည်နယ် တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ယင်းအပြင် အဆိုပါသေနတ်သမားများသည် အမျိုးသမီးများနှင့် ကလေးအများအပြားကိုလည်း ပြန်ပေးဆွဲခေါ်ဆောင်သွားကြကြောင်း ဇမ်ဖာရာပြည်နယ် တာဝန်ရှိသူများက ပြောကြားသည်။လက်ရှိအချိန်တွင် သေနတ်သမားများ၏ ဖမ်းဆီးမှုခံခဲ့ရသူ အရေအတွက်ကို အတိအကျ မသိရသေးဘဲ ဒေသန္တရခေါင်းဆောင်များနှင့် အစိုးရအာဏာပိုင်များက စိစစ်နေကြဆဲဖြစ် ကြောင်း သိရသည်။နိုင်ဂျီးရီးယားနိုင်ငံ၌ လုံခြုံရေးအခြေအနေ တဖြည်းဖြည်း ပျက်ပြားလာလျက်ရှိရာ ပြည်တွင်း လုံခြုံရေး ပြန်လည်တည်ဆောက်နိုင်ရန်အတွက် နိုင်ဂျီးရီးယားအစိုးရအဖွဲ့မှာ ရုန်းကန်နေ ရဆဲဖြစ်သည်။နိုင်ဂျီးရီးယား အနောက်မြောက်ဒေသ၌ တောပုန်းဓားပြများ ထကြွမှုကြောင့် ကျေးရွာများ တိုက်ခိုက်ခံရမှု မြင့်မားလာခြင်းဖြစ်ကြောင်း နိုင်ဂျီးရီးယားတာဝန်ရှိသူများက ပြောကြားထားသည်။



