ရန်ကုန်မြို့တွင် အထပ်မြင့်တိုက်များပေါ်မှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် နောက်ဖေးလမ်းကြားများတွင် အမှိုက်များစုပုံလာကာ မြောင်းများပိတ်ဆို့နေပြီး အနံ့ဆိုးများနှင့် ရေပုပ်ရေဆိုးများ အိမ်အတွင်းစိမ့်ဝင်မှုများရှိနေသဖြင့် မြေညီထပ်နေသူများ နေထိုင်ရေးအခက်အခဲများဖြစ်လာကြောင်း ကိုယ်တိုင်ကြုံတွေ့သူများထံမှ သိရသည်။တိုက်ခန်းအမြင့်ပေါ်မှ နောက်ဖေးလမ်းကြားများသို့ အမှိုက်ထုပ်များကို စည်းကမ်းမဲ့ပစ်ချကြသည့်အပြင် ထမင်းကျန်၊ ဟင်းကျန်နှင့် ရေညစ်များသွန်ချခြင်း၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ အိမ်မွေးခွေးကြောင်များ၏ မစင်များနှင့် အညစ်အကြေးများ၊ စွန့်ပစ်အမှိုက်များကို ထုပ်ပိုးမှုမရှိဘဲပစ်ချနေခြင်းကြောင့် နောက်ဖေးရေစီးမြောင်းများ ပိတ်ဆို့ပုပ်ပွကာ အနံ့ဆိုးများနှင့် ရေဆိုးများကို မြေညီထပ်အခန်းများရှိ မီးဖိုခန်းနှင့် ရေချိုးခန်း၊ အိမ်သာခန်းများသို့ စိမ့်ဝင်လာ၍ အခက်အခဲများ ဖြစ်လာကြောင်း တာမွေမြို့နယ်ရှိ မြေညီထပ်အခန်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။အဆိုပါ ပြဿနာကို တာမွေမြို့နယ်အပြင် ပုဇွန်တောင်မြို့နယ်အတွင်း ၅၃ လမ်း၊ ၅၄ လမ်း၊ ၅၅ လမ်း၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ဒေါပုံ စသည့်မြို့နယ်များတွင် အဓိက ကြုံတွေ့နေရပြီး အခြားနေရာများတွင်လည်း အနည်းအများကြုံလာကြရသည်ဟု သိရသည်။ ပုဇွန်တောင်မြို့နယ် ၅၃ လမ်း တိုက်ခန်းမြေညီထပ်တွင် နေထိုင်သူတစ်ဦးကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အမှိုက်များဖြင့် ပြည့်နှက်နေသည့် နောက်ဖေးလမ်းကြား ရုပ်သံဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက်တွင်တင်၍ မြောင်းရေပုပ်များ အိမ်အတွင်းဝင်နေသည့်အကြောင်း ရင်ဖွင့်ပြောပြထားခဲ့ဖူးသည်။
“ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရတယ်။ ကြွက်နဲ့ ခြင်လည်း ပေါတော့လေ။ တစ်ဦးချင်း စည်းကမ်းရှိဖို့ လိုတာပေါ့နော်။ အခုက လူစုံလာတော့ စည်းမရှိကမ်းမရှိ အမှိုက်ပစ်တာက ပိုဆိုးနေတယ်၊ တဗုန်းဗုန်းနဲ့ကို ပစ်ချနေတာ။ ပုလင်းတွေရော၊ ခွေးချီးတွေရော စုံနေတာပဲ။ အဲ့ဒါတောင် အမှိုက်ပုံးက နီးတယ်၊ သွားမပစ်ဘဲ အပေါ်ကပဲ ပစ်ချကြတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြေညီခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။လက်ရှိ အမှိုက်များဖြင့် ပြည့်နှက်ပြီး အမြင်မတင့်တယ်သည့် ရန်ကုန်မြို့လယ်ဧရိယာအတွင်း နောက်ဖေးလမ်းကြားများမှာ ပြီးခဲ့သည့် ဆယ်နှစ်ဝန်းကျင်က အများပြည်သူလည်ပတ်စရာပန်းခြံများအဖြစ် မြို့တော်စည်ပင်နှင့် ဒို့အိမ်အဖွဲ့၏ ပံ့ပိုးမှု ဒေသခံများပူးပေါင်းပါဝင်မှုဖြင့် ရှင်းလင်းတည်ဆောက်ခဲ့ဖူးသော နေရာများဖြစ်ခဲ့ကြသည်။ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ တာမွေမြို့နယ်တို့အတွင်း နောက်ဖေးလမ်းကြား ဥယျာဉ်များကို အသီးသီးဖွင့်လှစ်ပေးခဲ့ဖူးပြီး အခြားမြို့နယ်များတွင်လည်း အလားတူဥယျာဉ်များပြုလုပ်ရန် ရည်ရွယ်ကာ နောက်ဖေးလမ်းကြားများကို သန့်ရှင်းအောင် ရှင်းလင်းမှုများကို အင်တိုက်အားတိုက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။



