ပြီးခဲ့တဲ့ စနေနေ့က အီရန်နိုင်ငံဟာ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းသွားမယ်လို့ ကတိပြုခဲ့ သလို၊ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေရဲ့ ရေတပ်နဲ့ လေတပ်တွေကိုလည်း အကြမ်းဖက် အဖွဲ့ အစည်းတွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်လာတာဟာ အမေရိကန် သံတမန်တစ်ဦးရဲ့ အငြင်းပွားဖွယ်ရာ စကားတွေအပေါ် အာရပ်နိုင်ငံတွေကြားမှာ ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။တီဟီရန်မြို့မှာလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် က အမေရိကန်နဲ့ နျူကလီးယားစေ့စပ်ဆွေးနွေးမှုတွေ လုပ်နေချိန်အတွင်း ပြင်ပဖိအားတွေကို အီရန်အနေနဲ့ ဒူးထောက် အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဘယ်လိုအခက်အခဲမျိုးကိုမဆို အရှုံး မပေးဘဲ ရင်ဆိုင်သွားမယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း သဘောထား ကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး စည်းစည်းလုံးလုံး နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ အခုလို သမ္မတရဲ့ ပြောဆိုမှုတွေဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ တိုးချဲ့ချထား လာတာ ရယ်၊ ဝါရှင်တန်နဲ့ တီဟီရန်အကြား နျူကလီးယားနဲ့ ပိတ်ဆို့မှုရုပ်သိမ်းရေး ဆွေးနွေးပွဲ နှစ်ကြိမ် လုပ်ပြီး နောက်မှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
EU တပ်တွေကို အခုလို အကြမ်းဖက်အဖွဲ့အဖြစ် အီရန်က သတ်မှတ်လိုက်တာဟာ မကြာသေးခင်က အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် EU က သတ်မှတ် ခဲ့တဲ့ အပေါ် တုံ့ပြန်လိုက်တာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ EU ရဲ့ အဲဒီဆုံးဖြတ် ချက်ဟာ တရားမဝင်သလို ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကိုလည်း ဆန့်ကျင်နေတယ်လို့ သူတို့က ထောက်ပြထားပါတယ်။



