ဆီးရီးယားတွင် ISIS အကြမ်းဖက်အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထိန်းသိမ်းထားသော မြို့တစ်မြို့စာမျှ ရှိသည့် Al-Hol ထောင် လုံခြုံရေး ပြိုလဲသွားပြီး အကျဉ်းသား ၂ သောင်းအထိ ထွက်ပြေး လွတ်မြောက်သွားသဖြင့် ၎င်းတို့ ISIS တပ်အတွင်း ဝင်ရောက် အင်အားဖြည့်ကြမည်ကို စိုးရိမ်ရသည်ဟု အမေရိကန် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက အခိုင်အမာ ပြောဆိုနေကြသည်။၂၀၁၉ ခုနှစ်က ဂျီဟက်မိသားစုဝင်များကို အများဆုံး ဖမ်းဆီး ထိန်းသိမ်းထားစဉ် ယင်းထောင်တွင် အကျဉ်းသား ၇ သောင်း အထိရှိခဲ့ပြီး အမေရိကန်ထောက်ပံ့ ဆီးရီးယားအစိုးရ ဒီမိုကရက်တစ်တပ်များက ထောင်ကို ဆက်မစောင့်နိုင်တော့ဘဲ ပြီးခဲ့သည့် ဇန်နဝါရီလက စွန့်ခွာလိုက်ရပြီးနောက် ဂျီဟက်ဇနီးသည်များ ထောင်အား မီးရှို့ကာ ဖောက်ထွက် လွတ်မြောက်သွားကြခြင်း ဖြစ်သည်။အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ယခင်ဂျီဟက်တစ်ယောက် ဖြစ်ခဲ့သော လက်ရှိ ဆီးရီးယားသမ္မတ အာမက်ရှာရာလက်ထက် ဒီမိုကရက်တစ်တပ်ဖွဲ့သည် လေ့ကျင့်သား မပြည့်၀ခြင်းနှင့် အတိုက်အခံများဘက်မှ တိုက်ခိုက်လာသည့်အခါ မတုံ့ပြန်၊ မထိန်းချုပ်နိုင်သဖြင့် ထောင်လုံခြုံရေးယူထားမှုမှ ရှောင်ပြေးသဖြင့် ထောင်ပေါက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။လွတ်မြောက်သွားသော ISIS မိသားစုဝင်များအနက် အများစုသည် ဆီးရီးယားနိုင်ငံသားများ မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းမှ လာရောက်သော ISIS များဖြစ်ကြောင်း၊ ၎င်းတို့ မွေးရပ်နိုင်ငံများဆီ ပြန်လာပြီး အကြမ်းဖက် ISIS တပ်ဖွဲ့ဝင်များအဖြစ် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်လာမည်ကို စိုးရိမ်ရကြောင်း ဒမက်စကက်အခြေစိုက် လုံခြုံရေးသုတေသီ အလက်ဇန္ဒားမက်ကီးဗားက သုံးသပ် ပြောဆိုသွားခဲ့သည်။



