မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ပေါ်ရှိ မဟာရွှေသိမ်တော်ဆုတောင်းပြည့်စေတီသို့ ဘုရားဖူးလာရောက်သည့် ဧည့်သည်များ ယခုနောက်ပိုင်းတွင် များပြားလာပြီး နေ့စဉ်ဦးရေ သောင်းနှင့်ချီအထိ ရှိလာကြောင်း အဆိုပါဘုရားတွင် အဓိဋ္ဌာန်ကန်တော့ပွဲရောင်းချသူများထံမှ သိရသည်။“တစ်နေ့နဲ့တစ်နေ့ ဘုရားဖူးဧည့်သည်က လျော့မသွားဘူး၊ ပိုတိုးတိုးလာတယ်၊ အဓိက ကတော့ အဓိဋ္ဌာန်ပွဲတွေလာတင်ကြတာပါ၊ အဓိဋ္ဌာန်အောင်တာများတော့ နောက်ထပ်ပွဲလာတင်သူတွေအများကြီးရှိလာပြီး လူတော်တော်လေးများတယ်”ဟု အဓိဋ္ဌာန်ပွဲရောင်းချသူတစ်ဦးက ပြောသည်။အဆိုပါ ရွှေသိမ်တော်စေတီသို့ လာရောက်ဖူးမြော်ပြီး အဓိဋ္ဌာန်ပြုဆုတောင်းသူများမှာ တစ်ရက်လျှင် ပျမ်းမျှဦးရေ ငါးသောင်းကျော်အထိရှိနေပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ကြကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ရာထူးတိုး၊ အရောင်းအဝယ်၊ အမှုအခင်း၊ စာမေးပွဲကိစ္စ အစရှိသည်ဖြင့် ကိစ္စမျိုးစုံအတွက် လာရောက်ကြခြင်းဖြစ်သလို အဓိဋ္ဌာန်ပြု ဆုတောင်းကြရာမှ အဓိဋ္ဌာန်အောင်မြင်သွားသည့်အခါ နောက်တစ်ကြိမ်ထပ်မံလာရောက်ကြခြင်းများလည်းရှိသည်။



