ဂျပန်ရိုးရာနိုးပြဇတ်ကို တွေ့ကြုံခံစားနိုင်ဖို့နဲ့ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ၂၁ရက်၊ မနက်၁၀နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်ဂျပန်ကျောင်းမှာ ပြုလုပ်ပါတယ်။
အဲဒီ နိုးပြဇာတ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လာရောက်ပြသ ခဲ့တာဖြစ်ပြီး ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန်-ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)နဲ့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးတို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။အခုလို ပြုလုပ်ရတာက ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ယဥ်ကျေးမှုဖလှယ်ရေးနဲ့ အပြန်အလှန်နားလည်မှု တိုးမြှင့်စေရေးအတွက်ရည်ရွယ်ကာ ပြုလုပ်တာဖြစ်တယ်လို့ ဂျပန်ဖောင်ဒေးရှင်းဒါရိုက်တာ မစ္စတာ မတ်ဆုအို ဟိရိုတက က အဖွင့်အမှာစကားပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အခမ်းနားမှာ ဂျပန်နိုင်ငံရှိ နိုးပြဇာတ်အမျိုးအစားတစ်ခုဖြစ်တဲ့ ကန်းဇဲ နိုးပြဇာတ် မိတ်ဆက်ဗီဒီယို ရုပ်သံကို ပြသပြီး ကန်းဇဲကျောင်းတော်က နိုးဂခုသရုပ်ဆောင်တွေဖြစ်ကြတဲ့ မစ္စတာ ယိုရှိမဆ ကန်းဇဲ နဲ့ မစ္စတာ တာကရှိ ခုဝတ တို့က နိုးပြဇာတ်ကို လက်တွေသရုပ်ပြသခဲ့ကြပါတယ်။ဂျပန်ရိုးရာနိုးပြဇာတ်ဟာ ဇာတ်ဆောင်မင်းသားက မျက်နှာဖုံးဝတ်ကာ သီချင်းဂီတနဲ့အတူ ကခုန်ဖျော်ဖြေရတဲ့ ဂျပန်ရိုးရာပြဇာတ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ ရှေးအကျဆုံးသရုပ်ပြဖျော်ဖြေမှုအနုပညာ တစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။



