မြစ်ဆုံဆည်ဟာ ကောင်းကျိုးတွေရှိနေတာကြောင့် တည်ဆောက်ရေးတွေကို ထောက်ခံသင့်ကြောင်း ကာလုံရဲ့ ဗဟိုအကြံပေး ဒေါ်ဒွဲဘူက ကချင်ပြည်နယ်ရှိ ဒေသခံတွေ ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဧရာဝတီမြစ်ဆုံ-မြစ်ညှာ စီမံကိန်းအကြောင်း စစ်ကော်မရှင်က လူထုကိုချပြဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲမှာ မြစ်ဆုံဆည်တည်ဆောက်မယ့်အခြေအနေ ၊ ဆည်ဒီဇိုင်းတွေ နဲ့ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ ပညာရှင်ရှူထောင့်ကနေ ဆွေးနွေးမှုမျိုးစုံပြုလုပ်ခဲ့တယ်လို့ တက်ရောက်သူတွေထံကနေသိရပါတယ်။ မြစ်ဆုံဆည်တည်ဆောက်ရေးအတွက် အခုနှစ်ပိုင်းမှာ ပိုမိုအာရုံစိုက်လုပ်ဆောင်ခဲ့ပြီး ဒေသခံတွေကိုလည်း မကြာခဏတွေ့ဆုံမှုတွေရှိနေကြောင်း သိရပါတယ်။



