အီရန်အား မည်ကာမတ္တ နျူကလီးယား သန့်စင်ခွင့်ပေးနိုင်သော အဆိုပြုချက်တစ်ရပ်ကို စဉ်းစားသွားရန် ထရမ့် အစိုးရက ပြင်ဆင်ထားကြောင်း အမေရိကန် အရာရှိကြီးတစ်ဦးက ပြောကြားသော်လည်း တစ်ချိန်တည်းမှာပင် အီရန် ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီခါမေနီအား တိုက်ရိုက် ပစ်မှတ်ထားသော စစ်ရေးနည်းလမ်းများကိုလည်း ထရမ့်အား အပ်နှင်းထားကြောင်း သိရသည်။အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က သမ္မတထရမ့်အား ရွေးချယ်စရာ အများအပြား ပေးအပ်ထားသည်ဟု အကြီးတန်း သမ္မတအကြံပေးတစ်ဦးက ပြောသည်။ခါမေနီ နှင့် သားဖြစ်သူတို့အား သုတ်သင်ရှင်းလင်းရန် အစီအစဉ်အား လွန်ခဲ့သော သီတင်းပတ် အနည်းငယ်တွင် ထရမ့်ထံ တင်ပြခဲ့ကြောင်း ဒုတိယ သတင်းရင်းမြစ်ကလည်း အတည်ပြုခဲ့သည်။
ထရမ့်က သူ့ရွေးချယ်စရာတွေကို ဖွင့်ထားပါတယ်၊ တိုက်ခိုက်မလား ဆိုတာကို အချိန်မရွေး ဆုံးဖြတ်နိုင်ပါတယ်” ဟု အခြား အကြံပေးတစ်ဦးကလည်း ဆိုသည်။
အီရန်ကို ယူရေနီယံ သန့်စင်နိုင်စွမ်း ပေးအပ်ခြင်းကို မလိုလားကြောင်း ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ယခင် သီတင်းပတ်ကပင် ထိုသို့ ပြောကြားခဲ့သည်။သမ္မတရဲ့ စဉ်းစားပုံနဲ့ ပတ်သက်ပြီး မီဒီယာတွေက ကြိုက်သလောက် ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့်လည်း သူဘာလုပ်မယ်၊ မလုပ်ဘူးဆိုတာကို သမ္မတထရမ့်ပဲ သိပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီကလည်း ပြောသည်။သို့ရာတွင် အီရန် ထိပ်သီးခေါင်းဆောင် အလီခါမေနီကမူ အီရန်အနေဖြင့် ယူရေနီယမ် သန့်စင်ပိုင်ခွင့်ကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်း ဒွိဟဖြစ်စရာမလိုသော ပြတ်သားမှုဖြင့် ပြောကြားနေသည်။
သန့်စင်ပြီးသား ယူရေနီယံများကို အရပ်ဘက်အတွက်သာ သုံးစွဲမည်ဟုလည်း အီရန်က ဆိုသည်။



