မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခံတော-အောင်သာရွာရှိ ဥတ္တရာ ရာမကျောင်းတိုက်အတွင်းကို သေနတ်အတို ကိုင်ဆောင်ထားတဲ့ လူတစ်စု ဝင်ရောက်လာပြီး ဆရာတော် ၁ ပါးရဲ့ ဦးခေါင်းကို သေနတ်နဲ့ထောက်ကာ ဓါးမြတိုက်မှု ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေလယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဓါးမြတိုက်သူတွေဟာ ဆရာတော်မှာ ငွေမရှိတဲ့အတွက် ကျောင်းက ကားကို ယူဆောင်သွားခဲ့ကြပြီး ဘုရားဖြူ-ရွှေပေါ်ကျွန်းလမ်းမပေါ် ခံတော-အောင်သာရွာနဲ့ ဖလမ်ကန်ရွာလမ်းခွဲမှာ ငွေကျပ် ၆ သိန်းနဲ့ လာရွေးခိုင်းခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် အဆိုပါ ဓားပြအဖွဲ့ဟာ ပျားစွဲရွာကနေ ဝမ်းတွင်းမြို့က အလှူတစ်ခုကိုသွားတဲ့ အသက် ၆၀ အရွယ် အဖေဖြစ်သူနဲ့ အသက် ၄၀ အရွယ်သမီးဖြစ်သူတို့ မောင်းနှင်လာတဲ့ AD VAN အဖြူရောင် ကားကို သေနတ်ပြ တားဆီးပြီး ပါလာတဲ့ ရွှေ ၄ ကျပ်သားခန့်နဲ့ ကားကို လုယူထားပြီး လူတွေကို ကျပ်သိန်း ၁၀၀ ပေးမှ ပြန်လွှတ်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် ရွာကို ဖုန်းဆက်ပြီး ကူညီတောင်းရာ လာပို့တဲ့ ကျပ်သိန်း ၃၀ နဲ့ ကားကို ယူသွားတယ်လို့ သိရပါတယ်။ဓါးမြတိုက်သူတွေဟာ အသက် ၂၅ အရွယ်ရှိ ခေါင်းဆောင်နဲ့ အသက် ၁၇၊ ၁၈ အရွယ်ရှိ လူငယ် ၂ ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။



