ကိုကျော်မျိုးမင်းဟာ ရုပ်ရှင်အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီမှုမရှိတဲ့ အသုံးအနှုန်းတွေ၊ သုံးစွဲခြိမ်းခြောက် ကြိမ်းမောင်းခြင်း၊ ခိုင်မာတိကျမှု မရှိ၊ မှန်ကန်မှုမရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး သိက္ခာကျအောင် စွပ်စွဲပြောဆိုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်တဲ့အချက်တွေအရ သိရပါတယ်။ဒါကြောင့် ကိုကျော်မျိုးမင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်အနုပညာရှင်တွေရဲ့ မိတ်ဖက်အဖြစ်မှ ပယ်ဖျက်ကာ အမည်ပျက်စာရင်း တင်သွင်းရခြင်း ဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို လိပ်မူထားတဲ့ စာတစောင်မှာ NP News ရဲ့ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းဟာ ၄င်းရဲ့ သတင်းတင်ဆက်မှုတွေမှာ ရုပ်ရှင်အနုပညာရှင်တွေ၊ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ တခြားမိတ်ဖက် အနုပညာရှင်တွေကို သတင်းလွတ်လပ်ခွင့် ဆိုတဲ့ ဘောင်ကိုကျော်လွန်ကာ ပုဂ္ဂိုလ်ရေး စော်ကားမှုတွေ ပြုလုပ်ခြင်း၊ ရုပ်ရှင်အစည်းအရုံးရဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့ ပြောဆိုတင်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ကိုကျော်မျိုးမင်းဟာ အနုပညာရှင်တွေကို ပြည့်တန်ဆာသဖွယ် ကိုယ်နဲ့ရင်းပြီး လုပ်ကိုင် စားသောက်နေကြတဲ့သူတွေလို့ အကြိမ်ကြိမ် ပုတ်ခတ် ပြောဆိုခြင်းအပြင် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့ရဲ့ ဂုဏ်သိက္ခာ ထိပါးစေတဲ့ စကားလုံးတွေလည်း သုံးနှုန်း ပုတ်ခတ်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ဒါအပြင် နိုင်ငံတော်အစိုးရနဲ့အတူ ပူးပေါင်း ဆောင်ရွက်ကြတဲ့ ရုပ်ရှင် အနုပညာရှင်တွေကိုလည်း ရန်သူသဖွယ် သဘောထားပြောဆိုခြင်း၊ ခြိမ်းခြောက် ကြိမ်းမောင်းခြင်းတွေကိုလည်း အကြိမ်ကြိမ် ပြောဆိုခဲ့တာကို သုံးသပ် တွေ့ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကို လိပ်မူထားတဲ့စာအရ သိရပါတယ်။အစည်းအဝေး ဆွေးနွေးချက်အရ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင် အနုပညာရှင်တွေဟာ အရင်ခေတ်ကာလ အဆက်ဆက်ကတည်းက စာနယ်ဇင်းတွေနဲ့ ချစ်ခင်ရင်းနှီးစွာ မိတ်မပျက် ဆက်ဆံခဲ့ကြတဲ့ အစဉ်အလာကောင်းကို ထောက်ရှုပြီး ကိုကျော်မျိုးမင်းကို ဥပဒေကြောင်းအရ အမှုဖွင့်ခြင်း၊ တရားစွဲဆိုခြင်းတွေ မပြုလုပ်ဘဲ အမည်ပျက်စာရင်းသွင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။



