စင်ကာပူနိုင်ငံ၊ Ang Mo Kio နယ်မြေရှိ Teck Ghee အိမ်ရာဝန်းအတွင်းမှာ ယမန်နေ့က စည်းကမ်းမဲ့ ကားရပ်နားထားသူတစ်ဦးဟာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်းတစ်ဦးကို အော်ဟစ်ဆဲဆိုနေတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။ အဆိုပါ အမျိုးသားဟာ တရုတ်နှစ်သစ်ကူး ပထမဆုံးနေ့မှာ လူတွေက မိဘတွေဆီ လာလည်ကြတာဖြစ်လို့ လမ်းဘေးမှာ စည်းကမ်းမဲ့ ကားရပ်တာကို အခွင့်အရေးပေးသင့်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ လမ်းဘေး အဝါရောင်မျဉ်းနှစ်ထပ် (Double Yellow Lines) ဆွဲထားတဲ့ နေရာတွေမှာ ကားတွေကို တန်းစီပြီး စည်းကမ်းမဲ့ ရပ်ထားကြတာကို တွေ့ရပါတယ်။ဗီဒီယိုရိုက်ကူးနေတဲ့ အမျိုးသားက ဝန်ထမ်းကို တရုတ်စကားနဲ့ "ဒီနေ့က နှစ်သစ်ကူးနေ့လေ၊ Teck Ghee အိမ်ရာမှာ အားလုံးက မိဘတွေဆီ လာလည်နေကြတာကို မင်းက ဒဏ်ကြေးလိုက်ရိုက်နေတာလား" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ "နှစ်သစ်ကူးကြီးကို အခွင့်အရေး လုံးဝမပေးဘူးပေါ့၊ မင်းကို ငါ တိုင်ပစ်မယ်" လို့ပါ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဝန်ထမ်းကတော့ "ဘာလို့ ငါ့ကို လာမေးနေတာလဲ" လို့ ပြန်လည် တုံ့ပြန်ခဲ့ပေမဲ့ သူ့ရဲ့ တာဝန်ဝတ္တရားအတိုင်း ဒဏ်ကြေးဖြတ်ပိုင်းတွေကို ဆက်လက် ထုတ်ပေးခဲ့ပါတယ်။ဒီဗီဒီယို ပျံ့နှံ့လာပြီးနောက်မှာတော့ အွန်လိုင်းအသုံးပြုသူ အများအပြားက ဗီဒီယိုရိုက်တဲ့ အမျိုးသားကို ပြန်လည် ဝေဖန်ခဲ့ကြပါတယ်။



