စနအဲ တာကအိချိက ရွေးကောက်ပွဲ အနိုင်ရ ဂျပန် အစိုးရ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် ဝန်ကြီးဟောင်းတွေကိုပဲ ပြန်လည် ခန့်အပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာသူ တာကအိချိက သူ့ရဲ့ ရာထူးသက်တမ်း ၄ လဝန်းကျင် အကြာမှာပဲ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစေခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ သူ့ရဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP)ဟာ သောင်ပြိုကမ်းပြို ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ဝန်ကြီးချုပ် တာကအိချိကတော့ အရေးတကြီး ချဉ်းကပ်ရမယ့် ဦးစားပေး ကိစ္စဟာ နိုင်ငံရဲ့ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေနဲ့ လုပ်ခလစာ တိုးနှုန်း နှေးကွေးမှုတွေဖြစ်ပြီး ဒါကိုကိုင်တွယ်ဖို့ ဂျပန်မှာ စားသောက်ကုန်တွေအပေါ် အခွန်ကောက်ယူမှုကို ၂ နှစ်တာ ဖြတ်တောက် လျှော့ချပေးဖို့ အဆိုပြုထားပြီး အဲဒီနည်းလမ်းဟာ မိသားစု တစ်ခုစီရဲ့ နေထိုင်မှု စရိတ်တွေကို သိသိသာသာ လျှော့ချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ စီးပွားရေး ပညာရှင်တွေကတော့ အဲဒီ ချဉ်းကပ်မှုဟာ နိုင်ငံရဲ့ ကြွေးမြီတွေကို တိုးသွားစေပြီး နောက်ပိုင်းမှာ စျေးတွေတက်တာ၊ စီးပွားရေး တိုးတက်နှုန်း နှေးကွေးတာမျိုး ရိုက်ခတ်မှုတွေ ကြုံလာနိုင်ကြောင်း သတိပေးထားပါတယ်။



