ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)မှာ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (Air Separation Plant) ကို မကြာမီ စမ်းသပ်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာနမှ သိရပါတယ်။စက်ရုံမှာ အလုပ်ရုံ ၂၂ ရုံရှိတဲ့အနက် အလုပ်ရုံ ၁၉ ရုံရှိ စက်ပစ္စည်းများကို စစ်ဆေးပြုပြင်ပြီး စမ်းသပ်လည်ပတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့ အလုပ်ရုံ ၃ ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (Air Separation Plant) ကို မကြာမီအချိန်မှာ စမ်းသပ်လည်ပတ်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စက်ရုံအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ပါတယ်။ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်သည့် Romelt နည်းပညာအသုံးပြု သံရည်ကျိုအလုပ်ရုံ၌ တပ်ဆင်ထားသော စက်ပစ္စည်းများကိုလည်း ကျွမ်းကျင်ပညာရှင်များက စစ်ဆေးပြီးဖြစ်ကြောင်းနှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံကိုလည်း စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။အဆိုပါ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (Air Separation Plant) ရှိ စက်များ စမ်းသပ်လည်ပတ်မောင်းနှင်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စက်များကို စစ်ဆေးခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် AGS Co., Ltd. မှ ကျွမ်းကျင် ပညာရှင်များနှင့် တွေ့ဆုံ၍ အဆိုပါ အလုပ်ရုံအား ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေး၊ ကိုင်တွယ်မောင်းနှင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းရှိ စီမံကိန်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင်ခဲ့ပြီး စက်ရုံရှိ အလုပ်ရုံများအား စက်စမ်းသပ်လည်ပတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် စီမံကိန်း အား ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် အပြီးသတ်ဆောင်ရွက်ကာ စက်ရုံစတင်လည်ပတ် ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။



