စင်ကာပူနိုင်ငံ၊ Jurong East အရပ်ရှိ Yuhua Place Market and Hawker Centre မှာ အမျိုးသားတစ်ဦးဟာ စားပွဲနဲ့ ကုလားထိုင်တွေကို တံမြက်စည်းနဲ့ လှည်းကျင်းနေတဲ့ ရုပ်သံဖိုင်တစ်ခု ဖေဖော်ဝါရီ ၁၅ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်၊၊ အဆိုပါ ဗီဒီယိုထဲမှာ အမျိုးသားဟာ စီးပွားရေးထမင်းဆိုင် (Cai Png) တစ်ဆိုင်ရဲ့ ရှေ့မှာရှိတဲ့ စားပွဲခုံတွေကို ကြမ်းပြင်လှည်းတဲ့ တံမြက်စည်းနဲ့ လိုက်လံလှည်းကျင်းနေတာကို တွေ့ရတာပါ၊၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက သွားရောက်စုံစမ်းရာမှာတော့ အဆိုပါအမျိုးသားဟာ အဲဒီထမင်းဆိုင်ပိုင်ရှင်ရဲ့ မောင်အရင်းဖြစ်နေတာကို သိရှိခဲ့ရပါတယ်၊၊ဆိုင်ပိုင်ရှင်ဖြစ်သူ မဒမ် Yang ရဲ့ ပြောကြားချက်အရ သူမရဲ့မောင်ဟာ နေ့စဉ် မနက် ၄ နာရီကတည်းက ဆိုင်အတွက် လိုအပ်တာတွေ ပြင်ဆင်ပေးရသလို ဆိုင်ပိတ်ချိန်မှာလည်း ဆိုင်ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ပေးရသူ ဖြစ်ပါတယ်၊၊ ဒါပေမဲ့ သူမရဲ့မောင်က အခုလို စားပွဲခုံတွေကို တံမြက်စည်းနဲ့ လှည်းကျင်းနေတာကို သူမကိုယ်တိုင်လည်း မသိရှိခဲ့ဘဲ ဗီဒီယိုတက်လာမှသာ သိခဲ့ရတာလို့ ဆိုပါတယ်၊၊ ဆိုင်ကို အနှစ် ၂၀ လောက် အောင်မြင်အောင် လုပ်ကိုင်လာတာဖြစ်ပြီး ပုံမှန်ဖောက်သည်တွေလည်း အများကြီးရှိတာကြောင့် အခုလိုမျိုး မသင့်တော်တဲ့ အပြုအမူမျိုး နောက်နောင် မဖြစ်စေရဘူးလို့ ကတိပေးပြီး အများပြည်သူကို တောင်းပန်ခဲ့ပါတယ်၊၊ တကယ်လို့ တစ်ခုခု မသင့်တော်တာတွေ့ရင်လည်း အွန်လိုင်းပေါ် တိုက်ရိုက်တင်မယ့်အစား ဆိုင်ကို အသိပေးစေချင်တယ်လို့လည်း သူမက ပြောပါတယ်၊၊ဒီဖြစ်ရပ်ကြောင့် အစပိုင်းမှာ အများပြည်သူက အဲဒီအမျိုးသားကို ဟောကာစင်တာက သန့်ရှင်းရေးဝန်ထမ်းလို့ အထင်မှားခဲ့ကြတဲ့အတွက် တကယ်တမ်း စနစ်တကျ လုပ်ကိုင်နေတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေဟာ အပြစ်တင် ခံခဲ့ရပါတယ်၊၊ သန့်ရှင်းရေး ဝန်ထမ်းတွေရဲ့ ပြောကြားချက်အရ သူတို့မှာ စားပွဲသုတ်ဖို့ သီးသန့်အဖွဲ့ရှိသလို ဆပ်ပြာရည်ပုံးနဲ့ ရေသန့်ပုံးဆိုပြီး စနစ်တကျခွဲခြားကာ အဝတ်နဲ့သာ သုတ်ကြတာဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်၊၊ လက်ရှိမှာတော့ ဆိုင်ရှင်ဘက်က အမှားကို ဝန်ခံထားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သန့်ရှင်းရေးစံနှုန်းတွေကို ပိုမိုတင်းကြပ်စွာ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်၊၊
စင်ကာပူတွင် အမျိုးသားတစ်ဦး စားပွဲပေါ်ကို ကြမ်းပြင်လှည်းတဲ့ တံမြက်စည်းနဲ့ လှည်းကျင်းနေတဲ့ရုပ်သံဖိုင်ပျံ့နှံ့ကာ ဝေဖန်ခံနေရ
Feb 19 • 3:37 AM
Singapore
Local News
Share
| 11 | 0 | 0 | 0 |


