ဆော်ဒီကလပ် အယ်လ်အာလီအသင်းမှာ ကစားနေတဲ့ အင်္ဂလန်တိုက်စစ်မှူး အီဗန်တိုနေးက ပရီးမီးယားလိဂ်မှာ ပြန်ကစားချင်တာက သူ့ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်ကြောင်းနဲ့ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ကလည်း အိပ်မက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။အီဗန်တိုနေး(၂၉ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ ဘရန့်ဖို့ဒ်အသင်းကနေ အယ်လ်အာလီအသင်းကို ပေါင်သန်း(၄၀)နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။အီဗန်တိုနေးဟာ အယ်လ်အာလီအသင်းမှာ ခြေစွမ်းပြနေပြီး ဒီရာသီ ဆော်ဒီလိဂ်မှာလည်း ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ဦးဆောင်နေပါတယ်။ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်လာပြီး မပြောင်းရွှေ့ဖြစ်ခဲ့တဲ့အတွက် Sky Sports က မေးမြန်းရာမှာ ပရီးမီးယားလိဂ်မှာ ပြန်ကစားလိုကြောင်း ပြောကြားခဲ့တာပါ။



