အီရန်တော်လှန်ရေး အစောင့်တပ် လက်နက်ကိုင်တပ်များက ကမ္ဘာ့အရေးကြီးဆုံး မဟာဗျူဟာ မြောက် ရေလမ်းကြောင်းတစ်ခုဖြစ်သော ဟော်မုဇ်ရေလက်ကြား၌ ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်းအီရန်အစိုးရ မီဒီယာများက သတင်း ထုတ်ပြန် ထားသည်။ဟော်မုဇ်ရေလက်ကြားဒေသ၌ပေါ်ထွက်လာနိုင်သောလုံခြုံရေးနှင့်စစ်ရေးခြိမ်းခြောက်မှုများအတွက် အသင့်အနေထား ပြင်ဆင်ထားရန် အီရန်တော်လှန်ရေး အစောင့်တပ်က စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်းအီရန်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။အီရန်နှင့်အမေရိကန် ကိုယ်စားလှယ်များ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများ မစတင်မီ တစ်ရက်အလိုတွင်အီရန်တော်လှန်ရေး အစောင့်တပ်က ဟော်မုဇ်ရေလက်ကြားတွင် စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်နေခြင်းဖြစ်သည်။အီရန်နှင့်အမေရိကန် ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများကိုဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲများ၌အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့်အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီတို့ တက်ရောက်ကြမည်ဖြစ်သည်။ အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက် မရယူနိုင်ပါက ဆိုးရွားသည့် အကျိုးဆက် များနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သတိပေး ထားသည်။



