ထိုင်းနိုင်ငံ၊ဖူးခက်က ဘုရားပွဲတစ်ခုကို နိုင်ငံခြားသူ အမျိုးသမီးနှစ်ယောက် ဘီကီနီဝတ်ပြီး လာရောက်ခဲ့တာကြောင့် အွန်လိုင်းပေါ်မှာ ငြင်းခုံမှုတွေ ဖြစ်ပေါ်နေပါတယ်။ တချို့က ဒီလို အဝတ်အစားတွေ ဝတ်ဆင်တာကို သဘောမကျကြပေမယ့် တချို့ကတော့ ဗီဒီယိုရိုက်ကူးပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တဲ့ ထိုင်းအမျိုးသားကို ဝေဖန်နေကြပါတယ်။အဲဒီ ထိုင်းအမျိုးသားဟာ ရှားလုံ ဘုရားပွဲမှာ လမ်းလျှောက်နေတဲ့ အမျိုးသမီးတွေကို ဗီဒီယိုရိုက်ပြီး ဒေသတွင်း သတင်းစာမျက်နှာတစ်ခုကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေက မရိုက်ဖို့ တောင်းဆိုပြီး ထွက်သွားပေမယ့် အမျိုးသားကတော့ ဘုရားဝင်းထဲမှာ မသင့်တော်တဲ့ အဝတ်အစားတွေ ဝတ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အော်ဟစ် နှင်ထုတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ အမြင်တွေ ကွဲလွဲနေပါတယ်။ အမျိုးသားကို ထောက်ခံသူတွေကတော့ နိုင်ငံခြားသားတွေအနေနဲ့ မလာခင်ကတည်းက ထိုင်းယဉ်ကျေးမှုကို လေ့လာထားသင့်ပြီး ဘုရားပွဲဖြစ်တဲ့အတွက် အဝတ်အစား မသင့်တော်ဘူးဆိုတာကို သိထားသင့်တယ်လို့ ဆိုကြပါတယ်။အခြားတစ်ဖက်မှာတော့ သေချာမရှင်းပြဘဲ နှင်ထုတ်တာဟာ ရိုင်းစိုင်းလွန်းတယ်လို့ အမျိုးသားရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပါတယ်။ နိုင်ငံခြားသားတွေဟာ ထိုင်းယဉ်ကျေးမှုကို မသိနိုင်တဲ့အတွက် ယဉ်ယဉ်ကျေးကျေး ရှင်းပြသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ဟာ ဘုရားကျောင်းဆောင်ထဲကို ဝင်ခဲ့တာမဟုတ်ဘဲ ပွဲဈေးတန်းကိုသာ လာခဲ့တာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ အဝတ်အစားနဲ့ ပတ်သက်ပြီး နားလည်မှု ပိုပေးသင့်တယ်လို့ မှတ်ချက်ပြုသူတွေလည်း ရှိပါတယ်။



