ကုန်ခဲ့သည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှ ယခု ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အထိ ၆ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း၌ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင်ခြင်းလုပ်ငန်း ၅၃ ခု ဆောင်ရွက်ပြီးစီးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။ထိုသို့ ဆိုလာရေတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာမှာ ဆိုလာသီးသန့်ရေတင်ခြင်းလုပ်ငန်း ၁၂ ခုနှင့် ဆိုလာတွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ၄၁ ခု၊ စုစုပေါင်း ၅၃ ခု ကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းဌာနမှ သိရပါတယ်။နိုင်ငံတစ်ဝန်းမှာ စုစုပေါင်း ဆိုလာရေတင်ခြင်းလုပ်ငန်း ၅၃ ခု၊ ဆိုလာကီလိုဝပ်အနေနဲ့ ၁၀,၆၄၃ ဒသမ ၈၇ ကီလိုဝပ် ပြောင်းလဲတပ်ဆင်ပြီးဖြစ်ပါတယ်” လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ပြည်တွင်းရှိ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများအတွက် အဓိက လိုအပ်ချက်မှာ ရေရရှိရေးဖြစ်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ရာသီအလိုက် သီးနှံစိုက်ပျိုးသော တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတစ်ဝှမ်း၌ ဘဏ္ဍာနှစ်အလိုက် ဆိုလာရေတင်ခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။



