အထူးဖန်တီးထားတဲ့ တေးဂီတကို ၂၄ မိနစ်ကြာ နားထောင်ပေးရုံနဲ့ စိုးရိမ်ပူပန်မှုအဆင့်ကို သိသိသာသာ လျှော့ချနိုင်ကြောင်း လက်တွေ့စမ်းသပ်မှုအသစ်တစ်ခုမှာ တွေ့ရှိထားတယ်လို့ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။အဆိုပါ တွေ့ရှိမှုကို တိုရွန်တို မက်ထရိုပိုလီတန်တက္ကသိုလ် (TMU) မှ ပညာရှင်တွေနဲ့ LUCID ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ယခုလေ့လာမှုအရ အသံလှိုင်းနှိုးဆွမှုစနစ်ပါရှိတဲ့ တေးဂီတဟာ ဆေးဝါးသောက်စရာမလိုဘဲ နေ့စဉ်ဘဝမှာ စိုးရိမ်ပူပန်မှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်လာတာကို တွေ့ရှိရတယ်လို့လည်း သိရပါတယ်။ယင်းစမ်းသပ်မှုမှာ စိုးရိမ်ပူပန်မှုဝေဒနာ ခံစားနေရသူ ၁၄၄ ဦးကို အုပ်စုခွဲ စမ်းသပ်ခဲ့ပြီး အထူးပြုလုပ်ထားတဲ့ တေးဂီတကို ၂၄ မိနစ်ကြာ နားထောင်တဲ့အုပ်စုဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေအပြင် စိတ်မကြည်လင်တာတွေကိုပါ အထိရောက်ဆုံး လျှော့ချနိုင်တာကို တွေ့ရတယ်လို့လည်း ပညာရှင်များက ပြောကြားထားပါတယ်။TMU မှ စိတ်ပညာပါမောက္ခ ဖရန့်ရက်ဆို ကတော့ “၂၄ မိနစ်ဆိုတာ အသင့်လျော်ဆုံးအချိန်ပါပဲ။ ဒါဟာ စိတ်ပူပန်မှုကို သိသိသာသာ ပြောင်းလဲပေးနိုင်သလို အချိန်အများကြီးလည်း ပေးစရာမလိုဘူး” လို့ ပြောပါတယ်။ဆေးဝါးတွေနဲ့ ကုထုံးတွေဟာ ဘေးထွက်ဆိုးကျိုးနဲ့ ကုန်ကျစရိတ်တွေ ရှိတတ်တာကြောင့် အခုလိုဂီတအခြေခံတဲ့ ဒစ်ဂျစ်တယ်ကုထုံးဟာ စရိတ်သက်သာတဲ့အပြင်အလွယ်တကူ အသုံးပြုနိုင်မယ့် အစားထိုး နည်းလမ်းတစ်ခုဖြစ်လာမယ်လို့လည်း ပညာရှင်များက သုံးသပ်ထားပါတယ်။



