စစ်ကိုင်းတိုင်း ၊ ကသာခရိုင်ထဲက သကြားစက်ရုံတွေပေးတဲ့ စက်ရုံအရောက် ကြံတတန်စျေးဟာ နည်းတဲ့အတွက် ကြံတောင်သူတွေ သိန်းထောင်ချီ အရှုံးပေါ်မယ့် အခြေအနေကို ရင်ဆိုင်နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ သကြားစက်ရုံ ၊ ဝန်ကြီးဌာန ၊ ကြံနဲ့သကြား အသင်းအပါအဝင် ကြံတောင်သူတွေ စုပေါင်း ညှိနိူင်းမှုအရ စက်ရုံက ကြံတတန်ကို စက်ရုံအရောက်စျေးအဖြစ် ၁၁၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၂၅၀၀၀ ကျပ်နဲ ဝယ်ယူဖို့ သဘောတူညီ သတ်မှတ်လိုက်ပြီး ယခု ဖေဖော်ဝါရီလထဲမှာပင် စက်ရုံတွေ လည်ပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကြံတောင်သူတွေအနေနဲ့ ကြံသယ်ကားခ ( မိုင်အနီးအဝေး ) ၁၅၀၀၀ မှ ၅၄၀၀၀ ကျပ်ဝန်းကျင် ၊ ကြံခုတ်ခ ၂၀၀၀၀ ကျပ် ၊ ကြံတင်ခ ၁၅၀၀၀ ကျပ် ၊ ကြံစိုက်ပျိုးမှု ကုန်ကျစရိတ်က တတန်ကို ၆၅၀၀၀ အထက်ရှိတဲ့အတွက် စုစုပေါင်း ကြံတတန်ကို စက်ရုံအရောက်စျေး ၁၁၅၀၀၀ အထက်မှ ၁၅၀၀၀၀ ကျပ်အထက် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် တောင်သူတွေမှာ ကြံတတန်ကို အများဆုံး ၃၅၀၀၀ ကျပ်လောက်အထိ အရှုံးပေါ်မှာဖြစ်လို့ ကြံတန်ချိန် ထောင်နဲ့ချီ ထွက်ရှိမယ့် တောင်သူကြီးတွေအနေနဲ့ဆိုရင် သိန်းထောင်ချီပြီး အရှုံးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။



