ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများပေါ်တွင် သံဃာတော်များ ကြွရောက်လာပါက နေရာဖယ်ပေးခြင်းမျိုး မပြုဘဲ မသိကျိုးကျွံပြုမူနေထိုင်ကြသော ခရီးသည်အများအပြားကို ယခုနောက်ပိုင်း မြင်တွေ့မှုများလာကြောင်း ဘတ်စ်ကားစီး ခရီးသည်များကြားမှ သိရှိရသည်။အဆိုပါ ယာဉ်များပေါ်တွင် သံဃာတော်များအတွက် ခုံနေရာသတ်မှတ်ပေးထားခြင်းများရှိပြီး သံဃာ တော် များ စီးနင်းမှုမရှိသည့်အချိန်ခါမျိုးတွင် ခရီးသည်များမှ စီးနင်းလေ့ရှိကြသည်။ ယာဉ်စီးခရီးသည်များပြားကာ ပြည့်သိပ်ကျပ်နေသည့် အချိန်များတွင် ဖယ်ပေးခြင်းမျိုးမပြုဘဲ မသိချင်ယောင်ဆောင်ကာ စီးနင်းနေကြသည့် အခြေအနေမျိုးကို တွေ့ရှိမှုများလာ ခြင်းလည်းဖြစ်သည်။
ယာဉ်ပေါ်တွင် သံဃာတော်များအတွက် သတ်မှတ်ထားသောခုံများတွင်ထိုင်စီးကာ ဖယ်ပေးခြင်းမျိုး မပြုဘဲ လုပ်ဆောင်နေသည့် ခရီးသည်များကို ယာဉ်မောင်းအချို့ကလည်း ဖယ်ပေးရန်ပြောဆိုမှုများရှိသော်လည်း ယာဉ်မောင်း အများစုမှာ ပြောဆိုခြင်းမျိုးမရှိသလို ခရီးသည်များကလည်း ကြည်ညိုလေးစားစိတ်ဖြင့် အလိုက် တသိနေရာဖယ်ပေးခြင်းမျိုး မပြုတော့ကြောင်း သိရသည်။“အရင်တုန်းကဆိုရင် ဘတ်စ်ကားပေါ်ကို သံဃာတော်တစ်ပါးပါး တက်လာရင် သံဃာခုံမဟုတ်လည်း ဖယ်ပေးကြတာ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မိန်းမသားတွေ ဆိုရင်လည်း နေရာဖယ်ပေးကြတာ၊ အခုနောက်ပိုင်းက မသိချင်ယောင်တောင်ဆောင်နေတဲ့အပြင် မျက်စိမှိတ်ပြီးအိပ်ချင်ယောင်ဆောင်တာမျိုးတောင် လုပ် ကြတာ၊ လူ့ယဉ်ကျေးမှုလည်း နားမလည်တော့သလို ကြည်ညိုလေးစားမှုတွေ အရင်ကထက်ပိုနည်းလာတဲ့ အခြေအနေမျိုးပါပဲ”ဟု ကိုယ်တိုင်မြင်တွေ့သူတစ်ဦးက ပြောသည်။သံဃာတော်၊ သီလရှင်များမှာလည်း ဆွမ်းခံကြွခြင်းအပါအဝင် အကြောင်းကြီးငယ်ကိစ္စများရှိလာ သည့် အခါ YBS ယာဉ်များကို အားထားစီးနင်းလေ့ရှိကြသလို ယာဉ်လိုင်းများဘက်မှလည်း သံဃာတော်၊ သီလရှင်များ အတွက် ထိုင်ခုံနေရာများ သတ်မှတ်ပေးကာ ဦးစားပေးရန် စာများဖြင့်ရေးသားထားခြင်းများလည်းရှိသည်။ ထိုသို့ကြည်ညိုလေးစားမှုအားနည်းခြင်းမှာ ဘတ်စ်ကားလိုင်းအချို့ပေါ်တွင် စာအိတ်များပေးဝေ၍ အလှူ ခံခြင်းမျိုး ပြုလုပ်မှုများရှိခြင်း၊ အများပြည်သူအပန်းဖြေရာပန်းခြံများနှင့် ၁၉ လမ်းကဲ့သို့သော လူစည်ကားရာ နေ ရာများတွင် အတင်းလိုက်လံအလှူခံခြင်း၊ ယမကာများကိုအဓိကထားကာရောင်းချနေသော စားသောက်ဆိုင်များ အတွင်း လိုက်လံအလှူခံခြင်းအပါအဝင် ဖိနပ်ပျက်၍ဟုဆိုကာ ရန်ကုန်မြို့လယ်တစ်ဝိုက်တွင် လိုက်လံအလှူခံ ခြင်းများကို ကြုံလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်သူများလည်းရှိသည်။
သို့ရာတွင် ရဟန်းကျင့်ဝတ်တော်များနှင့်အညီ ပြုမူနေထိုင်သီတင်းသုံးကာ အရေးတကြီးအကြောင်း ကြီးငယ် ကိစ္စမျိုးရှိမှသာ YBS ယာဉ်များဖြင့် ကြွချီသွားလာကြသည့် သံဃာတော်များလည်း များစွာရှိနေကြောင်း သိရသည်။



