ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် ယမန်နေ့ညက ဘုရားမီးပူဇော်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ် (၂) ဦး အပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ယမန်နေ့ည ၉ နာရီဝန်းကျင်မှာ ဘုရားမီးပူဇော်ရာကနေ မီးလောင်မှုဖြစ်ခဲ့တဲ့အကြောင်းကို Jobs For Kayah ရဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။"ကလေးနှစ်ယောက်က အိပ်ပျော်နေတာ။ မိခင် ဖြစ်သူက အွန်လိုင်းသုံးဖို့ ထွက်သွားတယ်။ မသွားခင်မှာ ဘုရားမီး ပူဇော်ထားခဲ့တယ်။ အဲဒီမီးကနေ တဆင့် မိုးကာတဲကို မီးလောင်သွားတယ်။လောင်တော့ အိပ်ပျော်နေတဲ့ ကလေးနှစ်ယောက်ဆီကို မီးကူးသွားတယ်။ ဘေးတဲက လူတွေက လာဆွဲထုတ်ပေးတယ်။ ကလေးနှစ်ယောက်ရယ်ပြီးတော့ လာကယ်ထုတ်တဲ့ စစ်ရှောင် ဦးလေး တယောက် ထိခိုက်ဒဏ်ရာရသွားတယ်" လို့ ဆိုပါတယ်။ ထိိခိုက်ဒဏ်ရာ ရရှိထားသူ (၃) ဦးမှာ (၄)နှစ် အရွယ်နဲ့ (၁၀) နှစ်အရွယ် အမျိုးသမီး (၂) ဦး နဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသား တဦး ဖြစ်ပါတယ်။ကလေးငယ် (၂) ဦးမှာတော့ ခြေထောက်တွေမှာ မီးစွဲလောင်ခဲ့ပြီး အမျိုးသားတဦးမှာတော့ လက်မောင်းမှာ အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မီးလောင်မှုကြောင့် တဲအိမ်တလုံးလည်း ပြာကျခဲ့ရတယ်လို့ သိရပါတယ်။



