မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်ဖြစ်သည့် ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်တွင် ဘူမိနယ်မြေ(၁)ဖြစ်သည့် ပုပ္ပားတောင်ကလပ်၊ ဘူမိနယ်မြေ(၆)ဖြစ်သည့် ပညာပေးပြခန်း၊ ပညာပေးစိုက်ခင်းနှင့်ဘူမိနယ်မြေ (၇) ဖြစ်သည့် စန္ဒကူးတောတွင် သမင်ခြံများရှိရာ အများဆုံးလာရောက်လေ့လာကြကြောင်းသိရသည်။
အဆိုပါ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေမြေတောတောင်လှပသည့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်၏ ပြကွက်တစ်ခုဖြစ်သည့် ရွှေသမင်များကို ခရီးသွားများ အထူးစိတ်ဝင်စားမှုနှင့်အတူ စိမ်းလန်း စိုပြည်သည့် သဘာဝသစ်တောများ၊ ငှက်မျိုးစုံနှင့် တောရိုင်းတိရစ္ဆာန်များ၊ အိုအေစစ်သဖွယ်တည်ရှိနေသည့် ရေကန်များနှင့် တောတောင်ရှုခင်းအလှများ၊ စန္ဒကူးသစ်တော၊ ပရဆေးပင်များ၊ မီးတောင်ဟောင်း၏ သဘာဝတွင်းထွက်များ၊ ငှက်မျိုးစိတ်များနှင့် ရှားပါးတိရစ္ဆာန် ရွှေသမင်နှင့် မျောက်မျက်ကွင်းဖြူတို့ကိုလည်း ကြည့်ရှုလေ့လာကြလေ့ရှိ ကြောင်းသိရသည်။
ထို့အပြင် ရွှေသမင်သည် ခွာစုံနို့တိုက် သတ္တဝါဖြစ်ပြီး မျိုးစိတ်ခွဲသုံးမျိုးရှိကြောင်း မှတ်တမ်းတင်ထားကာ ၁၈၃၈ ခုနှစ်တွင် ဗြိတိသျှတပ်မတော်အရာရှိ Percy Eld မှ အိန္ဒိယနိုင်ငံ မဏိပူရချိုင့်ဝှမ်းဒေသ တွင် စတင်တွေ့ရှိ မှတ်တမ်းတင် ခဲ့ရာမှ တွေ့ရှိသူအမည်အားအစွဲပြု၍ Eld's Deer ဟု ခေါ်ဆိုခဲ့ ကြောင်း ၊ ရွှေသမင်ကောင်ရေနည်းပါးလာပြီး မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရ၍ ရွှေသမင်များကို နိုင်ငံတော်အဆင့်ဖြင့် ထိန်းသိမ်းကာကွယ်လျက်ရှိ ကြောင်းသိရသည်။



