ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင် ကရဘူရီမြို့နယ်တွင် သီတင်းသုံးနေထိုင်သည့် ကော့သောင်းဒေသခံ ဘုန်းကြီး ခြောက်ပါးကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး လူဝတ်လဲကာ တရားစွဲဆိုထားကြောင်း ထိုင်းရောက် ကော့သောင်းဒေသခံအချို့က ပြောသည်။ အဆိုပါဘုန်းကြီးခြောက်ပါးသည် ၂၀၂၃ခုနှစ် မတ်လက ကော့သောင်းမြို့နယ် ဝိုင်ဒင်းရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် စစ်ဘေးရှောင်နေသည်မှာ သုံးနှစ်နီးပါးရှိနေပြီဖြစ်ကြောင်း ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။ ကရဘူရီမြို့နယ်အတွင်း ကိုယ်ပိုင်တဲကျောင်းဆောက်ကာ သီတင်းသုံးနေသည့်အတွက် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါဘုန်းကြီးများ သီတင်းသုံးနေသည့် တဲကျောင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီး ဒကာများ လှူဒါန်းထားသည့် ပစ္စည်းများကို သိမ်းယူကာ ကျောင်းကိုလည်း ဖြိုဖျက်ခဲ့ကြောင်း ကော့သောင်းဒေသခံ အခြားတစ်ဦးက ဆိုသည်။



