အီရန်နိုင်ငံတွင်း အစိုးရပြောင်းလဲသွားရေး အယူအဆကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယမန်နေ့ ကလက်ခံလိုက်ပြီး ဒုတိယမြောက် လေယာဉ်တင်သင်္ဘောတစ်စီးကို ပင်တဂွန်က စေလွှတ်ထားစဉ် မကြာမီ အချိန်အတွင် အရှေ့အလယ်ပိုင်း၌ အမေရိကန်တပ်ဖွဲ့အင်အား များပြားလာတော့မည်ဟု ပြော ကြားသည်။အီရန်တွင် အစိုးရ ပြောင်းလဲသွားခြင်းကို မြင်ချင်ပါသလားဟု မေးမြန်းခံရချိန်၌ “ ဒါဟာ အကောင်းဆုံး ဖြစ်ပေါ်နိုင်တဲ့အရာ ဖြစ်ပုံရပါတယ်” ဟု ထရန့်က ပြောကြားသည်။အီရန်ကို မည်သူ့အား အုပ်ချုပ်စေလိုသည်ကိုမူ ထရန့်က မပြောဘဲ အီရန်ကို အုပ်ချုပ်နိုင်သူများ ရှိကြောင်းသာ ပြောသည်။အနောက်တိုင်းနှင့် ကြာရှည်စွာ အငြင်းပွားနေသော တီဟီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ သံတမန်ရေး ပြန်လည်ရှင်သန်ရန် ဝါရှင်တန်နှင့် တီဟီရန်တို့က ကြိုးစားနေကြချိန်မှာပင် ထရန့်၏ စစ် ရေး လှုပ်ရှားမှုများနှင့် မာမာထန်ထန် ပြောဆိုမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။အမေရိကန်နှင့် အီရန်အရာရှိကြီးများသည် အိုမန်အရာရှိများကို ကြားခံထား၍ ဆွစ်ဇာလန်နိုင်ငံ၌ အင်္ဂါ နေ့တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။ဒုတိယလေယာဉ်တင်သင်္ဘောအား အရှေ့အလယ်ပိုင်းသို့ မည်သည့်အတွက် စေလွှတ်ရသနည်းဟု မေး မြန်းရာ၌ “သဘောတူညီချက်မရခဲ့ရင် ကျွန်တော်တို့ အဲဒါကို လိုအပ်ပါလိမ့်မယ်။ လိုအပ်ရင် အသုံးပြုဖို့ ကျွန်တော်တို့ အဆင်သင့်လုပ်ထားတာပါ” ဟု ထရန့်က ယမန်နေ့စောစောပိုင်းတွင် ပြောကြားသည်။အမေရိကန်၏ အသစ်လွင်ဆုံး နှင့် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ် ဂျာရယ်အာဖို့ဒ် သည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိရန်အနည်းဆုံး အချိန် တစ်ပတ်ကြာမြင့်မည်ဟု အမေရိကန် အရာရှိကြီးတစ်ဦးက အမည်မဖော်ဘဲ ပြောကြားသည်။ပြီးခဲ့သည့် ဇွန်လက အီရန်နျူကလီးယားစခန်းများကို တိုက်ခိုက်ချိန်တွင် အမေရိကန်က အရှေ့ အလယ် ပိုင်းတွင် လေယာဉ်တင်သင်္ဘောနှစ်စီးကို နောက်ဆုံးအကြိမ် အတူဖြန့်ကြက်ခဲ့သည်။
အမေရိကန်က တိုက်ခိုက်လာခဲ့ပါက လက်တုံ့ပြန်သွားမည်ဟု အီရန်က ကြုံးဝါးထားသည်။



