၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုအဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းသည် လာမည့်ဇွန်လအတွင်း အမေရိကန်နိုင်ငံ၌ နယူးဇီလန်၊ ကော်စတာရီကာအသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အင်္ဂလန်အသင်းသည် ဇွန် ၇ ရက်တွင် နယူးဇီလန်နှင့်လည်းကောင်း၊ ဇွန် ၁၀ ရက်တွင် ကော်စတာရီကာနှင့်လည်းကောင်း ကစားသွားမည်ဖြစ်ပြီး၊ လေ့ကျင့်ရေးစခန်းအဖြစ် Kansas City ရှိ Swope Soccer Village ကို အသုံးပြုမည်ဖြစ်သည်။ဥရောပဇုန်ခြေစစ်ပွဲတွင် ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် ပထမဆုံးခြေစစ်ပွဲအောင်မြင်ထားသည့် အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားအုပ်စု (L) တွင် ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ ထို့ပြင် ကမ္ဘာ့ဖလားမတိုင်မီ မတ်လအတွင်း၌လည်း လန်ဒန်မြို့ ဝင်ဘလေကွင်းတွင် ဥရုဂွေး၊ ဂျပန်အသင်းတို့နှင့် ခြေစမ်းရန် စီစဉ်ထားကြောင်း သိရှိရပါသည်။


