ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါကြောင့် ပထမဆုံးသေဆုံးသူ သတင်း ထွက်ပေါ် လာရာ ရယောင်းပြည်နယ်မှ ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား ဖြစ်သည်ဟု ထိုင်းမီဒီယာများက ဖော်ပြသည်။ထိုင်း ရောဂါထိန်းချုပ်ရေးဌာန - DDC က ယင်းမြန်မာအမျိုးသားသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က ရေသောက်ပြီးနောက် ရင်းဘတ်တင်းကျပ်ခြင်း၊ အသက်ရှုခက်ခြင်း အပြင် ခွေးရူးပြန် ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု မနေ့က အသိပေး ထုတ်ပြန်လိုက်သည်။ ၎င်းသည် ယမန်နှစ် ဒီဇင်ဘာလကတည်းက ခွေးကိုက်ခံရခြင်း ဖြစ်ပြီး အနာကို ပိုးသတ်ဆေးဖြန်းခြင်းအပါ ကာကွယ်ဆေး ထိုးခြင်းများလည်း မလုပ်ခဲ့သဖြင့် သေဆုံးရခြင်းဖြစ်ပြီး ခွေးနှင့် ခွေးပိုင်ရှင်ကိုလည်း မသိရသဖြင့် အထူး သတိပြုနေထိုင်ကြရန်၊ ခွေးကိုက်ပါက ကာကွယ်ဆေး မဖြစ်မနေ ထိုးကြရန် ထိုင်းကျန်းမာရေး တာဝန်ရှိသူများက သတိပေး နှိုးဆော်ထားသည်။ ထိုင်းတွင် ခွေးရူးပြန်ရောဂါကြောင့် ယမန်နှစ်အတွင်း ၇ ဦးသေဆုံးသည်ဟု သတင်းများအရ သိရှိရပြီး ချွန်ဘူရီ၊ တာ့ခ်၊ ဆီဆခတ်၊ နာခွန်းရတ်ချာစီးမား၊ ချာချိုအန်ဆာအိုနှင့် ရယောင်းခရိုင်တို့တွင် သေဆုံးခြင်း ဖြစ်သောကြောင့် ခရိုင်များအလိုက် နိုင်ငံတစ်ဝန်း အထူးဂရုပြုကြရန်၊ မည်သည့် ခွေးကိုက်ခံရမှုမဆို မပေါ့ဆဘဲ ခွေးအား ဖမ်းလှောင်ထားပြီး ကာကွယ်ဆေးများ အမြန်ထိုးနှံရန်၊ ကိုယ့်အိမ်မွေးခွေးများ ပြန်ကိုက်သဖြင့် သေဆုံးသူနှုန်းက တစ်ဝက်ကျော်နေသဖြင့် မွေးသည့် ခွေးတိုင်းအား မွေးဖွားပြီး ၂ လမှ ၄ လအတွင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးပြီး နှစ်စဉ် boosters ဆေးများ ထပ်ထိုးကြရန် လိုအပ်ကြောင်း၊ ခွေးများက ရုတ်တရက် ပုံမှန်မဟုတ်သော ရန်လိုမှုများနှင့် ရုတ်တရက် သေဆုံးလျှင် ဒေသဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြရန် DDC က သတိပေးချက် ထုတ်ပြန်ခဲ့သည်။



