ကမ္ဘောဒီးယားနိုင်ငံသည် မကြာသေးမီရက်သတ္တပတ်များအတွင်း နိုင်ငံဖြတ်ကျော် ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို နှိမ်နင်းခဲ့ရာကျားဖြန့်စင်တာ ၂၀၀ နီးပါးကို ပိတ်ပစ်ခဲ့ကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားအာဏာပိုင်များသည် ကျားဖြန့်စင်တာတစ်ခုအတွင်း ဝင်ရောက်ကြည့်ရှု့ခွင့်ပေးခဲ့ခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိလူများကို ပစ်မှတ်ထားသော ခေတ်မီဆန်းပြားသည့် လုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြသခဲ့သည်။
“ကျွန်တော်တို့ လက်ရှိအထိ ပိတ်ပစ်ခဲ့တဲ့နေရာ ၁၉၀ လောက်ရှိပါတယ်” ဟု ကမ္ဘောဒီးယား၏ အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးရုံး ဒုတိယအကြီးအကဲ ချာဟေး စီနာရစ်သ်က ယခုသီတင်းပတ်တွင် ဖနောင်ပင်၌ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ ယင်းနောက်တွင် ဗီယက်နမ်နိုင်ငံနယ်စပ်အနီး ကမ်ပေါ့ပြည်နယ်ရှိ ကျယ်ပြန့်သော ကျားဖြန့်ဝင်းကို သွားရောက်ကြည့်ရှု့ခဲ့ကြသည်။



