ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၌ ဘိန်းစာရွက်များနှင့် ဘိန်းစာရွက်ပြုတ် ရည်များ ရောင်းချသူ တစ်ဦးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့လည်ပိုင်းက ပါလျှံ(၁)ရှိ နေအိမ်ခန်းငှား တစ်ခုတွင် ဖမ်းဆီးရမိကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရှိ နေအိမ်ခန်းငှားအား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ စည်သူလွင်(၂၈ နှစ်)ကို တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ နေအိမ်ဧည့်ခန်းရှိ အနက်ရောင် ပလတ်စတစ်အိတ် ၁ အိတ်အတွင်း ဘိန်း စာရွက်ဟု ယူဆရသော အစိမ်းရောင်အရွက်(အစို) ၁၀ ကီလိုခန့်စီပါ ၂ အိတ်၊ စုစုပေါင်း အလေးချိန် ၂၀ ကီလိုခန့်(ဒေသတန်ဖိုး တစ်ကီလိုလျှင် ငွေ ၄၀၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၈ သိန်းခန့်) အားလည်းကောင်း၊ နေအိမ်ခန်း မီးဖိုချောင်ရှိ (အဖြူရောင်) ကော်ဘူးအတွင်းမှ ဘိန်းစာရွက် ပြုတ်ရည်ဟု ယူဆရသော အညိုရောင်အရည် ၂၀ လီတာ ခန့်ပါ ၁ ဘူးနှင့် ၁၀ လီတာခန့်ပါ ၁ ဘူး၊ စုစုပေါင်း ၃၀ လီတာခန့် (ဒေသတန်ဖိုး တစ်လီတာလျှင် ငွေကျပ် ၁၅,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေ ကျပ် ၄.၅ သိန်းခန့်)နှင့် လက်ကိုင်ဖုန်း (၁)လုံးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အမှုမှ ဘိန်းစာရွက်များ၊ ဘိန်းစာရွက်ပြုတ်ရည်များနှင့်အတူ ဖမ်းဆီးရမိသည့် စည်သူလွင်(၂၈ နှစ်) ပါလျှံ(၁)၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့နေသူအား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။



