မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သံလွင်မြစ်နှင့် ထားဝယ်မြစ်ရေလမ်းကြောင်းများ တိုးတက်ကောင်းမွန်ရေးအတွက် သောင်တူးဖော်ရှင်းလင်းခြင်း လုပ်ငန်းများ လုပ်ကိုင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။အဆိုပါ တင်ဒါခေါ်ယူချက်အရ မွန်ပြည်နယ် ဘီလူးကျွန်း မြောက်ဘက်ရှိ သံလွင်မြစ်ရေလမ်းကြောင်း (ဒရယ် ပေါက်)နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြစ်ရေလမ်းကြောင်းတို့တွင် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် နုန်းအနည်ထိုင်မှုများ များပြားလာခဲ့ပြီး ရေစီးရေလာများ ပိတ်ဆို့၍ ရေကြီးရေလျှံခြင်း၊ ရေစူးအနက်များ ကျဆင်း၍ ရေယာဉ်များ ဝင်ထွက်သွားလာရေးအား အဟန့်အတား ဖြစ်စေခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် ရေစီးရေလာ ကောင်းမွန်ရေးနှင့် ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေးတို့အတွက် ရေလမ်းကြောင်းတစ်လျှောက် သောင်တူးဖော်ရှင်းလင်းခြင်းနှင့် ထွက်ရှိလာသည့် သဲများအား ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီကြီးများ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေး တင်ဒါပြန်လည်ခေါ် ယူဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းဟာ စီးပွားရေးဆန်ဆန် သောင်တူးဖော်ခြင်းမျိုးမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်၏ Eco System ကို ထိခိုက်မှုမရှိစေရန် တူးဖော်ရှင်းလင်းရခြင်း၊ ဌာနမှသတ်မှတ်ပေးသည့် ရေလမ်းကြောင်းတစ်လျှောက်ရှိ ရေတိမ်ကွက်များကိုသာ မူလရေစူးအမှတ် ပြန်လည်ရရှိအောင် တူးဖော်ရှင်းလင်းရခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားကို ထိခိုက်နှောက်ယှက်မှု မဖြစ်စေရန်ဆောင်ရွက်ရခြင်း၊ လိုအပ်ပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် ဒေသလိုအပ်ချက်များတွင် ကူညီပံ့ပိုးဆောင်ရွက်ရခြင်း စသည့်အခြေအနေများကြောင့် လုပ်ငန်းအတွေ့အကြုံ၊ နည်းပညာ၊ စက်ယန္တရား၊ ကျွမ်းကျင်ပညာရှင်များနှင့် ဘဏ္ဍာရေးကိစ္စရပ်များတွင် ကောင်းမွန်ပြည့်စုံ ခိုင်မာမှုရှိစေရန် အထူးလိုအပ်မည်ဖြစ်ကြောင်းလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိုထားပါတယ်။ အထက်ဖော်ပြပါ လုပ်ငန်းအတွေ့အကြုံ နည်းပညာ၊ စက်ယန္တရား၊ ကျွမ်းကျင်ပညာရှင်များနှင့် ဘဏ္ဍာရေးကိစ္စရပ်များ ပြည့်စုံ၍ လုပ်ငန်းဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီကြီးများအနေဖြင့် အိတ်ဖွင့်တင်ဒါလျှောက်လွှာများအား ဝယ်ယူနိုင်ကြောင်း အသိပေးထားပါတယ်။ပြည်ပကုမ္ပဏီကြီးများအနေဖြင့်လည်း ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ်ကုမ္ပဏီပြုလုပ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံရုံးခွဲဖွင့်လှစ်ထားခြင်း သို့မဟုတ် တင်ဒါရွေးချယ်ခြင်းခံရပါက မြန်မာနိုင်ငံတွင် မှတ်ပုံတင်ခြင်းတို့ကို လိုက်နာရန် လိုအပ်တယ်လို့ သိရပါတယ်။စိတ်ပါဝင်စားသူများအနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် လျှောက်လွှာများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ ရုံးချိန်အတွင်း ဝယ်ယူပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)သို့ မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီ တိတိ တွင် တင်သွင်းရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တင်ဒါကော်မတီသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။


