ထိုင်းနိုင်ငံတွင် မကြာသေးမီကထရတ်ပင်လယ်ကွေ့ (Trat Bay)အတွင်း ကျန်းမာရေး ကောင်းမွန်သည့်ဧရာ၀တီလင်းပိုင် ၃၃ ကောင်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ပင်လယ် ရေကြောင်းနှင့် ကမ်းရိုးတန်းသယံဇာတဦးစီးဌာနကထုတ်ပြန်သည်။ယင်းစစ်တမ်းကို ပြီးခဲ့သည့်သီတင်းပတ်က ထိုင်းပင်လယ်ကွေ့အရှေ့ပိုင်း ပင်လယ် ရေကြောင်း နှင့်ကမ်းရိုးတန်းသယံဇာတ သုတေသနစင်တာမှ တာဝန်ရှိသူများက စတုရန်းကီလိုမီတာ ၅၀၂ ကျယ်ဝန်းသောဧရိယာကို Boat Line Transect နည်းလမ်းအသုံးပြုကာ ကွင်းဆင်းကြည့်ရှု ခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြချက်အရ သိရသည်။အဆိုပါ စစ်တမ်းကောက်ယူမှုအတွင်း ရှားပါးပင်လယ်နေသတ္တဝါအမျိုးအစားအဖြစ် ဧရာ၀တီ လင်းပိုင်(Orcaella brevirostris) ၃၃ ကောင်ကိုသာ မှတ်တမ်းတင်နိုင်ခဲ့သည်။၎င်းတို့ကို ကမ်းခြေမှ နှစ်ကီလိုမီတာမှ ၁၀ ကီလိုမီတာခန့် အကွာရှိငါးဖမ်းလုပ်ငန်းခွင်များ၊ ခရုကောင်(Mussel) မွေးမြူရေးခြံများနှင့်တံတားများအနီး ရေပြင်တွင် တွေ့ရှိခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။တာဝန်ရှိသူများ၏ အစီရင်ခံစာအရ လင်းပိုင်များ၏ ရေကူးခြင်းနှင့် ရေငုပ်ခြင်းပုံစံမှာ ပုံမှန်ရှိပြီး အသက်ရှူသံမှာလည်း ကြည်လင်ပြတ်သားကာ ငါးမိနစ်လျှင် ပျမ်းမျှသုံးကြိမ်မှ ငါးကြိမ်အထိ အသက်ရှူကြကြောင်းသိရသည်။



