ရခိုင်က သွေးကင်ဆာရောဂါဖြစ်ပွားနေတဲ့ မိန်းကလေးငယ်တစ်ယောက်ဟာ အရေးပေါ်ဆေးဝါးကုသဖို့ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။သွေးကင်ဆာရောဂါခံစားနေရတဲ့ မိန်းကလေးငယ်ဟာ ရခိုင်ပြည်၊ ပေါက်တောမြို့၊ ရပ်ကွက်(၄)က ဦးထွန်းအေးနိုင်နဲ့ ဒေါ်မြင့်ဆန်းဝင်းတို့ရဲ့ သမီးဖြစ်သူ KG တန်းတက်နေတဲ့ အသက် (၇)နှစ်အရွယ် မနန္ဒာလင်းဖြစ်ပြီး မိသားစုအလိုက် စစ်ဘေးရှောင်နေကြတာလို့ သိရပါတယ်။လက်ရှိမှာ ဖခင်ဖြစ်သူ ဦးထွန်းအေးနိုင်ရဲ့ဖုန်းကိုရောင်းပြီး မနန္ဒာလင်းရဲ့ဆေးဖိုးဝါးခကို ဖြေရှင်းထားရပြီး ပိုက်ဆံပြတ်လာနေတဲ့အတွက် လုပ်ကိုင်စားသောက်နေတဲ့ဘေးတွဲကိုရောင်းချဖို့စီစဉ်နေရတယ်လို့လည်း မနန္ဒာလင်းဖခင်ရဲ့ ဝမ်းကွဲယောက်ဖက နိရဉ္စရာကို ပြောပါတယ်။လက်ရှိမှာ မနန္ဒာလင်းကို နှစ်ပတ်တစ်ကြိမ်သွေးသွင်းကုသနေပေမဲ့လည်း မသက်သာတဲ့အတွက် နောက်ထပ်ဆရာဝန်တစ်ယောက်နဲ့ ပြသတဲ့အခါ အဲဒီဆရာဝန်ကလည်း သက်ဆိုင်ရာ သွေးရောဂါအထူးကုဆရာဝန်ကြီးတွေနဲ့ကုသဖို့ အခုရက်ပိုင်းအတွင်း ရန်ကုန်သို့သွားရောက်ကုသဖို့လိုအပ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။လက်ရှိ ဆေးဖိုးဝါးခနဲ့ နေထိုင်စားသောက်ဖို့တောင်မှ အဆင်မပြေတော့တဲ့အချိန်မှာ ရန်ကုန်သို့ပါ သွားရောက်ကုသရမယ်ဆိုလို့ သူတို့မိသားစုမှာ ငွေကြေးအလွန်တရာ ခက်ခဲနေတယ်လို့ ဆိုကြပါတယ်။မနန္ဒာလင်းရဲ့မိသားစုဟာ အလွန်တရာကျပ်တည်းပြီး အရေးပေါ်ဆေးကုသဖို့ အကူအညီလိုအပ်နေတဲ့အတွက် အခုလို အကူအညီတောင်းခံရတာလို့ စေတနာအာရက္ခပြည်သူ့အကျိုးပြုဆေးခန်း တွဲဘက်တည်ထောင်သူ ကိုဇင်မျိုးကပြောပါတယ်။မနန္ဒာလင်းအတွက် ငွေကြေးအထောက်အပံ့ပေးချင်သူတွေအနေနဲ့ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းရဲ့ လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/SaetanaABCFBA ရဲ့ မတ်ဆင်ဂျာကနေတဆင့် သွားရောက်ဆက်သွယ်ကူညီပေးနိုင်တယ်လို့လည်း ဆိုပါတယ်။
Feb 12 • 3:28 AM
Myanmar
Rakhine
Share
| 20 | 0 | 0 | 0 |


