Tokyo မြို့ Chiyoda မြို့နယ်က Akihabara အရပ်မှာ စမတ်အမှိုက်ပုံးတွေကို စတင်အသုံးပြုဖို့ စီစဉ်ထားပါတယ်။ အဲဒီဧရိယာဟာ ပြည်ပခရီးသွားတွေအကြား လူကြိုက်များတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းတွေပေါ်မှာ အမှိုက်စွန့်ပစ်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေဆီက တိုင်ကြားမှုတွေ အများအပြား လက်ခံရရှိထားတယ်လို့ အဲဒီမြို့နယ်က ပြောပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မြို့နယ်ဟာ အဲဒီအရပ်က နေရာ ၁၀ ခုမှာ စမတ်အမှိုက်ပုံးတွေ ချထားဖို့ စီစဉ်နေပါတယ်။ အဲဒီအမှိုက်ပုံးတွေဟာ အမှိုက်တွေကို မူလအရွယ်အစားရဲ့ ၅ ပုံ ၁ ပုံအထိ ဖြစ်သွားအောင် အလိုအလျောက် ဖိနိုင်ပြီး အမှိုက်ပုံးတစ်ခုစီမှာ အမှိုက်ပမာဏ ၆၀၀ လီတာအထိ ဆံ့ပါတယ်။ အမှိုက်တွေ ဘယ်လောက် ပြည့်နေတယ်ဆိုတာကို အင်တာနက်ကနေ အချက်အလက်တွေ ပေးပို့နိုင်တာကြောင့် အဆင်အပြေဆုံးအချိန်တွေမှာ အမှိုက်တွေကို သိမ်းယူနိုင်ပါသည်။



