ပြည်ပကို တရားဝင် အလုပ်သွားရောက် လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ OWIC (အလုပ်သမား သက်သေခံကတ်) ဖိုးငွေနဲ့ ပျောက်ဆုံး/ပျက်စီး ဒဏ်ကြေးကို မတ်လ ၁ ရက်နေ့ကစပြီး မြန်မာ့စီးပွားရေးဘဏ်ကနေ ပေးသွင်းရမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသိပေး ကြေညာထားပါတယ်။OWIC ကတ် ပြုလုပ်ခွင့်ရရှိကြောင်း ကြေညာခြင်းခံရတဲ့ အလုပ်သမားတွေအနေနဲ့ လာမယ့် မတ်လ ၁ ရက်ကစပြီး OWIC ကတ်ဖိုး ၅၆၀၀ ကျပ်နဲ့ ပျောက်ဆုံး/ပျက်စီးပါက ဒဏ်ကြေးအဖြစ် နှစ်သောင်းနှစ်ထောင့် လေးရာကျပ်ကို မြန်မာ့စီးပွားရေး ဘဏ်ခွဲတွေကတဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်လှစ်ထားတဲ့ “ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ” ရဲ့ ငွေစာရင်းအမှတ် OA-013904 ကို အလုပ်သမားကိုယ်တိုင် ငွေလွှဲ လျှောက်လွှာနဲ့ ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်OWIC ကတ်ဖိုးငွေတွေကို OA-013904 ကို ပေးသွင်းပြီးပါက ငွေပေးသွင်းခဲ့တဲ့ ငွေလွှဲလျှောက်လွှာ (မူရင်း) နဲ့အတူ မိတ္တူတစောင်ကို ယူဆောင်ပြီး OWIC ကတ် ပြုလုပ်ရမယ့်နေ့ရက်မှာ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (မြောက်ဒဂုံ) က OWIC ကတ် ထုတ်ပေးရေးစင်တာကို သွားရောက်ဆက်သွယ် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းခြင်း၊ ငွေလွှဲလျှောက်လွှာ မမှန်ကန်ခြင်း၊ ငွေလွှဲလျှောက်လွှာ (မူရင်း) ပြသနိုင်ခြင်းမရှိပါက OWIC ကတ်ကို ထုတ်ပေးမှာ မဟုတ်ဘူးလို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ လပိုင်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကနေ ပြည်တွင်းကို ပြန်လာခဲ့ရတဲ့ အလုပ်သမားတွေကို လေဆိပ်အထွက်မှာ OWIC ကတ်မရှိရင် ထွက်ခွင့်မပြုဘူးဆိုပြီး တင်းကျပ်ခဲ့တာကြောင့် ပြည်ပကို ပြန်ထွက်လို့မရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။အရင်က ပြည်ပရောက် အလုပ်သမားတွေ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်တဲ့အချိန်မှာ OWIC ကတ်ကိုပါ သံရုံးတွေက တပါတည်း ထုတ်ပေးလေ့ရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ် အစပိုင်းမှာတော့ ယာယီရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ OWIC ကတ် အသစ်တွေကို ၂၀၂၅ ခုနှစ်၊ မတ်လနောက်ပိုင်းကနေ စပြီး ပြန်လည်ထုတ်ပေးနေပြီ ဖြစ်တယ်လို့ ကြေညာထားပေမယ့် လက်တွေ့မှာတော့ အကန့်အသတ်နဲ့သာ ထုတ်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။



