ရုရှားသမ္မတပူတင်၏ အားအထားရဆုံး လက်ရုံးတစ်ဦးဖြစ်သူ ရုရှား စစ်ထောက်လှမ်းရေးအေဂျင်စီ - GRU မှ ဒုတိယ ဗိုလ်ချုပ်ကြီး အလက်ဇီယက်ဗ်ကို ဖေဖော်ဝါရီ ၆ ရက်က မော်စကိုမြို့တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်လုပ်ကြံခဲ့သူအား ဖမ်းမိထားပြီး ၎င်းကို ယူကရိန်းစစ်ထောက်လှမ်းရေး - SBU က နောက်ကွယ်မှ ကြိုးကိုင်ကာ ငွေကြေးပေး ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည့် ရုပ်သံမှတ်တမ်းကို ရုရှားဘက်က ထုတ်ပြန်လာသည်။အသက် ၆၄ နှစ်အရွယ် အလက်ဇီယက်ဗ်ကို လုပ်ကြံသူမှာ အသက် ၆၅ နှစ်အရွယ် လျုဘိုမီယာကော်ဘာ ဆိုသူ ဖြစ်သည်။၎င်း၏ ထွက်ဆိုချက်အရ ပိုလန် စစ်ထောက်လှမ်းရေးနှင့် ယူကရိန်း ထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းကာ ၎င်းအား ကိဗ်မြို့တွင် သင်တန်းပေးခဲ့ပြီးနောက် မော်စကိုသို့ စေလွှတ်ကာ လုပ်ကြံမှုတစ်ခုအတွက် တစ်လလျှင် ဒေါ်လာ ၂ ထောင်ခန့်နှင့်ညီမျှသော ပေါင် ၁၄၇၀ ပေးခဲ့ကြောင်း သိရသည်။ ယခု ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇီယက်ဗ်ကို လုပ်ကြံမှုအတွက် ဒေါ်လာ ၃ သောင်း ပေးမည်ဟု ကတိပြုကာ ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရုပ်သံတွင် ဝန်ခံထားသည်။ရုရှားထောက်လှမ်းရေး၏ အဆိုအရ ကော်ဘာသည် မော်ဒိုဗာနှင့် ဂျော်ဂျီယာနိုင်ငံများမှ တစ်ဆင့် ရုရှားသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ယူကရိန်း ထောက်လှမ်းရေးထံမှ အမိန့်ရသည်နှင့် အသံတိတ်ပစ္စတိုကို ဝယ်ယူကာ လုပ်ကြံခဲ့ပြီးနောက် ဒူဘိုင်းမှ တစ်ဆင့် ရိုမေးနီးယားသို့ သွားရောက်ကာ ယူကရိန်းသို့ ပြန်ဝင်ရန် စီစဉ်ခဲ့သည်။ ဒူဘိုင်းသို့ ရောက်ရှိချိန်တွင် ယူအေအီး အာဏာပိုင်များက ဖမ်းဆီးကာ ရုရှားထံ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
SBU ကမူ ယခု စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းတို့ နောက်ကွယ်မှ ခိုင်းစေခြင်း မဟုတ်ဘဲ ရုရှားပြည်တွင်းရေး လုပ်ကြံမှုသာဖြစ်ကာ ငြိမ်းချမ်းရေး မဆွေးနွေးလိုသဖြင့် လုပ်ကြံဖန်တီး ထုတ်ပြန်ခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။လက်ရှိတွင် လုပ်ကြံခံရသူ ဗိုလ်ချုပ် အလက်ဇီယက်ဗ်မှာ ဒဏ်ရာ အလွန်ပြင်းထန်သော်လည်း သတိပြန်ရလာသဖြင့် အသက်ဘေးမှ လွတ်မြောက်နိုင်ခြေ ရှိသည်ဟု ရုရှားမီဒီယာများက ဖော်ပြနေကြသည်။



