ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်က ထိုင်း အထွေထွေရွေးကောက်ပွဲ ရလဒ်အား မဲပေးပြည်သူများစွာ၏ မကျေမနပ် ဝေဖန်မှုများ၊ မဲမသမာမှု ဖြစ်စဉ်များစွာကြောင့် ချက်ချင်း ပြန်လည် မဲရေတွက်ပေးရန် ပြည်သူ့ပါတီ နှင့် ဖွေထိုင်းပါတီတို့က တောင်းဆိုထားသည်။တရားဝင်မဟုတ်သော ထိုင်းရွေးကောက်ပွဲ ရလဒ်များတွင် ယာယီဝန်ကြီးချုပ် အနုတင် ဦးဆောင်သည့် ဘွမ်ဂျိုင်းထိုင်းပါတီက အမတ်နေရာ ၁၉၃ နေရာ၊ မဲနိုင်မည်ဟု အများထင်ထားသည့် ပြည်သူ့ပါတီက ၁၁၈ နေရာ၊ သက်ဆင်မိသားစု၏ ဖွေထိုင်းပါတီက ၇၄ နေရာ၊ ကလာသမ်ပါတီက ၅၈ နေရာ၊ ဒီမိုကရက်ပါတီက ၂၂ နေရာ ရရှိ သည်ဟု ရွေးကောက်ပွဲကော်မရှင် စာရင်းများအရ သိရသည်။မဲဆန္ဒနယ်များစွာ၌ မဲပေးသူ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူနှင့် ရွေးကောက်ခံ အမတ်လောင်းများက မကျေမနပ် စောဒကတက်နေကြ ခြင်းကြောင့် မိမိတို့ပါတီက ကန့်ကွက်လွှာ သွင်းခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲကော်မရှင်အား ပြည်သူယုံကြည်မှု ရစေရေး မဲများ ပြန်ရေတွက်ရန် တောင်းဆိုသည်ဟု ဖွေထိုင်းပါတီမှ ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သော ဂျူလာပန်၊ ပါတီအကြီးအကဲများ ဖြစ်သည့် ဖမ်သမ်ဝီချာရာချိုင်နှင့် ကရစ် အူယန်ဝေါင်တို့က ပြောထားသည်။ ကြီးမားသည့် ရွေးကောက်ပွဲ မသမာမူကြီး ရှိခဲ့သည်မှာ အတိုင်းသား မြင်သိကြရသည်ဟု ပြည်သူ့ပါတီ လွှတ်တော်အမတ် ရက်ချာနော့ဆရီနော့ခ်ကလည်း ယမန်နေ့တွင် လူမှုကွန်ရက်ပေါ် ရေးသားခဲ့ကာ ရွေးကောက်ပွဲကော်မရှင်ကို ရွေးချယ်ရာတွင် အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့က စိတ်ကြိုက်ရွေးချယ်ကာ အမတ် ရွေးချယ်မှုများကိုလည်း ခြယ်လှယ် စိုးမိုးခဲ့လိမ့်မည်ဟု ပြင်းထန်စွာ ဝေဖန်ခဲ့သည်။မဟာဆာရကန်ခရိုင်တွင်လည်း မဲကြေညာဆိုင်းဘုတ်များတွင် အမှန်တကယ်ထက် အလွန်များနေသော မဲအနိုင်ရ ကိုယ်စားလှယ် စာရင်းမှားများကို ရေးထားခြင်း၊ မဲဆန္ဒနယ် အမှတ် (၁) တွင် ပုံမှန်မဟုတ်သော မဲလိမ်မှုများ တွေ့ရှိရခြင်းတို့ကြောင့် မဲပြန်ရေတွက်ရန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များစွာ ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ချွန်ဘူရီခရိုင် မဲဆန္ဒနယ် (၁) တွင်လည်း မဲစာရင်းစာရွက်များကို မဲရုံအနီး အမှိုက်ပုံးထဲ တွေ့ရသဖြင့် ရှင်းလင်းချက် ထုတ်ပြန်ရန် ရွေးကောက်ပွဲကော်မရှင်သို့ မေးခွန်းထုတ် ဝေဖန်မှုများစွာ ရှိနေသည်။ မဲအားလုံး ပြန်ရေတွက်လျှင်လည်း ရှိနိုင်သည့် အမှားအယွင်း အနည်းငယ်က အနိုင်ရပါတီရလဒ်ကို ပြောင်းလဲစေလိမ့်မည်မဟုတ်ဟု ဆိုကာ မဲပြန်ရေရန် ရွေးကောက်ပွဲကော်မရှင်က ကနဦး ငြင်းဆိုထားသည်။



