မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးက သီလရှင်အပါး (၅၇၇)ပါးကို မကွေးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဦးစီးပြီး ဆွမ်းဆန်စိမ်း လောင်းလှူတာကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ဆွမ်းဆန်စိမ်းလောင်းလှူရာမှာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခရမ်းချဉ်သီး၊ ကြက်သွန်၊ မုန့်နဲ့ ဝတ္ထုငွေ စတဲ့ လှူဖွယ် ပစ္စည်း ၁၀ မျိုးကို လှူဒါန်းခဲ့တာပါ။ ဆွမ်းဆန်စိမ်း လောင်းလှူလာတာဟာ အခုနှစ်က ဆဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၄၅၀ ကျော်ဖိုး လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။သီလရှင်ဆရာလေးတွေကို လှူဒါန်းရတဲ့ ရည်ရွယ်ချက်နဲ့ ဆွမ်းဆန်စိမ်းလောင်းလှူတာအပြင် ဗလာမပါ စာရေး တံမဲတွေလည်း လှူဒါန်းခဲ့တယ်လို့ မကွေးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖိုးနီက ပြောပါတယ်။မြို့လုံးကျွတ် သီလရှင်ဆရာလေးတွေကို ဆွမ်းဆန်စိမ်းလောင်းလှူရာမှာ မကွေးမြို့နယ် ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်အသင်း အဖွဲ့ဝင်တွေသာမက မြို့ပေါ်က လုပ်ငန်းရှင်တွေနဲ့ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းတွေ ကလည်း စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။



