back

တောင်ကိုရီးယား၌ ကလေးမွေးနှုန်း မြှင့်နိုင်အောင် ပြည်ပက အမျိုးသမီးတွေ တင်သွင်းသင့်ကြောင်း တောင်ကိုရီးယား အရာရှိပြော

Feb 10 • 3:57 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယား၌ ကလေးမွေးနှုန်း မြှင့်နိုင်အောင် ပြည်ပက အမျိုးသမီးတွေ တင်သွင်းသင့်ကြောင်း တောင်ကိုရီးယား အရာရှိပြော

ကလေးမွေးနှုန်း ကျဆင်းမှု ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံခြားသူ အမျိုးသမီးတွေ များများ တင်သွင်းသင့်ကြောင်း တောင်ကိုရီးယား အရာရှိ တစ်ဦးရဲ့ စကားကြောင့် ဝေဖန်မှုတွေ ထ...

ကလေးမွေးနှုန်း ကျဆင်းမှု ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံခြားသူ အမျိုးသမီးတွေ များများ တင်သွင်းသင့်ကြောင်း တောင်ကိုရီးယား အရာရှိ တစ်ဦးရဲ့ စကားကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဂျင်ဒိုခရိုင်ရဲ့ အုပ်ချုပ်ရေးမှူး ကင်မ်ဟီဆူးက အခုလို အငြင်းပွားစရာ မှတ်ချက်စကားမျိုးကို ပြောခဲ့တာပါ။ သူက ဗီယက်နမ်နဲ့ သီရိလင်္ကာတို့လို နိုင်ငံတွေရဲ့ အမျိုးသမီးငယ်တွေကို တင်သွင်းလာပြီး တောင်ကိုရီးယား ကျေးလက် ဧရိယာတွေက အမျိုးသားတွေနဲ့ လက်ထပ်စေပြီး ကလေးမွေးစေသင့်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြည်သူတွေနဲ့ အမေးအဖြေ ပြုလုပ်တဲ့ အစီအစဉ်တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနည်းဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာပြီး အဲဒီပြဿနာအတွက် ရုန်းကန်နေရတဲ့ အချိန်မှာ ကင်မ်က ဒီစကားကို ပြောခဲ့တာ ဖြစ်ပါတယ်။ ကလေးမွေးဖွားမှုတွေ နည်းသွားလို့ လူဦးရေလည်း ဆက်တိုက် လျော့ကျနေပြီး လက်ရှိ နှုန်းအတိုင်းသာ သွားမယ်ဆိုရင် လာမယ့် နှစ် ၆၀ အတွင်း နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းထိ ကျဆင်းသွားနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြ သတိပေးထားပါတယ်။ ကင်မ်ရဲ့ အမေးအဖြေ အစီအစဉ်ကို ရုပ်မြင်သံကြားကနေလည်း ထုတ်လွှင့် ပြသခဲ့တဲ့နောက် ဗီယက်နမ် အစိုးရက သံတမန်ရေးအရ ကန့်ကွက်ခဲ့သလို ပြည်သူတွေကြားမှာလည်း ဝေဖန်သံတွေ ကျယ်လောင်လာပါတယ်။ နောက်ပြီး အာဏာရ ဒီမိုကရက်တစ် ပါတီအနေနဲ့လည်း သူ့ကို ပါတီဝင် အဖြစ်က ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ဂျင်ဒိုခရိုင် တည်ရှိရာ တောင်ပိုင်း ဂျိုလားပြည်နယ် အစိုးရရုံးကလည်း ကင်မ်ရဲ့ စကားက ဗီယက်နမ် ပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအတွက် အကြီးအကျယ် ထိခိုက်စရာ ဖြစ်သွားရလို့ ဝန်ချတောင်းပန်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

news-view-count-icon

10