စင်ကာပူနိုင်ငံ Bukit Panjang နယ်မြေမှာ ဓားကိုင်ရမ်းကားပြီး လူတွေကို ထိုးကြိတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးလိုက်ရတဲ့ ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာ Bukit Panjang ရှိ Fajar Basketball Court အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါလူငယ်ဟာ လူအများကြားမှာ ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ လူတွေကို လိုက်လံခြိမ်းခြောက်နေခဲ့တာပါ။ အနီးနားမှာရှိနေတဲ့ လူတွေကတော့ ဒီမြင်ကွင်းကို ဘေးကနေ ကြည့်ရှုနေကြပြီး တချို့ကလည်း ရဲတပ်ဖွဲ့ဝင်တွေ အရေးယူဆောင်ရွက်နေတာကို ဗီဒီယိုရိုက်ကူးနေခဲ့ကြပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တွေအရ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၄ ဦးခန့်ဟာ ဓားကိုင်ထားတဲ့ လူငယ်ကို မြေပြင်ပေါ်မှာ ချုပ်နှောင်ဖမ်းဆီးနိုင်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။ ဘေးကနေ ကြည့်နေတဲ့သူတွေကတော့ ရဲတွေ သေနတ်ကိုင်ထားသလားဆိုတာကို အချင်းချင်း မေးမြန်းနေကြသလို တချို့ကလည်း တရုတ်ဘာသာစကားနဲ့ "အနားမကပ်ကြနဲ့၊ သွားပြီး မနှောင့်ယှက်နဲ့" လို့ တစ်ဦးကိုတစ်ဦး သတိပေးနေခဲ့ကြပါတယ်။စင်ကာပူရဲတပ်ဖွဲ့ (SPF) ရဲ့ ပြောကြားချက်အရ အခင်းဖြစ်ပွားတဲ့နေ့က Block 518 Jelapang Road မှာ အကူအညီလိုအပ်နေကြောင်း ဖုန်းဆက်အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။အခင်းဖြစ်နေရာမှာတော့ အသက် ၁၈ နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးကို လူစည်ကားရာနေရာမှာ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးဖို့အတွက် အဆိုပါဓားကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒီဖြစ်စဉ်မှာတစ်စုံတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ဒီလူငယ်ကို ဆက်လက်စစ်ဆေး မေးမြန်းနေဆဲဖြစ်ပါတယ်။
Feb 09 • 2:54 AM
Singapore
Local News
Share
| 11 | 0 | 0 | 0 |


