ယမန်နေ့ကကျင်းပနေသည့် ထိုင်းရွေးကောက်ပွဲသို့ ပြည်သူ့ပါတီ (People’s Party) မှ အမတ်လောင်း အိုက်စ်-ရတ်ချနော့ ဆရီနော့ခ် (Ice-Rukchanok Srinork) သည် စက်ဘီးဖြင့် ဘန်ကောက်မြို့ရှိ မဲရုံတခုသို့ ဆန္ဒမဲ လာပေးသောဓာတ်ပုံ လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့ခဲ့သည်။အိုက်စ် သည် နာမည်ကြီးဘောလုံးအသင်း လီဗာပူးလ်အင်္ကျီ ဝတ်ဆင်ပြီး ရွေးကောက်ပွဲကော်မရှင်၏ ဝတ်စားဆင်ယင်မှု စည်းမျဉ်းများနှင့်အညီဖြစ်ရန် ကျောနံပါတ်မပါသော အင်္ကျီအား ဝတ်ဆင်ထားသည်ကို တွေ့ရသည်။မဲပေးပြီးနောက် သူမအနေဖြင့် စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်၊ စိတ်ပူပန်မှု စသည့် ခံစားချက်မျိုးစုံဖြစ်ပေါ်နေသော်လည်း စွမ်းအားတစုံတရာကိုခံစားရကြောင်း၊ လွန်ခဲ့သော ၃ နှစ်နီးပါးကာလ တလျောက်လုံး အကောင်းဆုံးကြိုးစားခဲ့ပြီးဖြစ်သလို နေ့တိုင်း အစွမ်းကုန်လုပ်ဆောင်ခဲ့ကြောင်း မီဒီယာများကို ဖြေကြားသည်။ထို့ပြင် ဝတ်ဆင်လာသောလီဗာပူးလ်အင်္ကျီတွင် မည်သည့်အဓိပ္ပာယ်မှ မပါဝင်ဘဲ ဝတ်ဆင်လေ့ရှိသည်ကိုသာ ဝတ်လာခြင်းဖြစ်ကြောင်းနှင့် လိမ္မော်ရောင်လက်ပတ်သည် Phayao ခရိုင်သို့ စည်းရုံးရေးဆင်းစဉ် ပြည်သူများထံမှရရှိသော လက်ပတ်ဖြစ်ပြီး မည်သည့်ဘုရားကျောင်းမှ ရသည်မဟုတ်ဘဲ ပြည်သူများပေးပို့သော ခံစားချက်များကြောင့် အမြဲဝတ်ဆင်ထားခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။



