သံရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်အပါအဝင် ယာဉ်ယန္တရား ၁,၃၈၈ စီးအား ဖြတ်တောက်သယ်ယူပို့ ဆောင်ပေးနိုင်မည့် ကုမ္ပဏီ/အဖွဲ့စည်းများကို တင်ဒါခေါ်ယူနေကြောင်းစက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း မှသိရသည်။တင်ဒါခေါ်ယူရာတွင် ပြည်ထောင်စုအဆင့်အဖွဲ့စည်း/ဝန်ကြီးဌာနများနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာသိမ်း ယာဉ်များမှ သံရည်ကျိုအပ်နှံမည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ်(တောင်/ရှေ့)ပိုင်းအတွင်းရှိ မြို့နယ်များမှ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်/ ယန္တရား စုစုပေါင်း (၁၃၈၈)စီးအား အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင် အပ်နှံပေးနိုင်မည့် ကုမ္ပဏီ/အဖွဲ့များအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ နေခြင်းဖြစ်သည်။ထို ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင် အပ်နှံပေးရမည့် ယန္တရားများတွင် Lot 1 အဖြစ် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း တို့တွင် ၆၉၅ စီးနှင့် Lot 2 အဖြစ် မကွေးတိုင်း နှင့် ရှမ်းပြည်နယ် (တောင်/ရှေ့)ပိုင်းတွင် ၆၉၃ စီးဖြစ်ကာ ၎င်းတို့အတွက် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တင်ဒါပုံံစံစတင်ထုတ်ယူနိုင်ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း၊အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အုပ်ချုပ်ရေးဌာန၊ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊နေပြည်တော်တွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါကလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။



