မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ဖွင့်လှစ်ပြီးနောက် ရန်ကုန် နဲ့ ဒလဘက်ကို YBS ယာဉ်လိုင်း နှစ်လိုင်း နဲ့ ပြေးဆွဲဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင် ရေး ကြီးကြပ်မှု ကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ပြောပါတယ်။မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး လုပ်ငန်းတွေကတော့ (၂၀၁၉) ခုနှစ်၊ မေလမှာ စတင်ခဲ့တာ ဖြစ်ပြီး ၇ နှစ်အကြာမှာ တံတားကို ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ကာ မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်း တံတား တွေ အနက် အကြီးဆုံး နဲ့ အရှည်ဆုံးတံတား ဖြစ်လာမှာ ဖြစ်ပါတယ်။ဒီတံတားကို တန်ချိန် (၁၅၀၀၀) ရှိတဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေနဲ့ ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးတွေ တံတားအောက်က ဖြတ်သန်းသွားလာနိုင်အောင်လို့ တံတားကင်းလွတ်အမြင့်ပေနဲ့ အကျယ်ပေတွေကို အမြင့်ဆုံး ထားပြီး ချဉ်းကပ်တံတားနဲ့ ဆင်ခြေလျှောတံတားတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ တွက်ချက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံဖြိုးမှု ရန်ပုံငွေချေးငွေနဲ့ အစိုးရ ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၈) သန်းကျော်လောက် အကုန်ကျခံပြီး တည်ဆောက် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတံတားကြီး ဖွင့်လှစ်လိုက်တဲ့အတွက် ရန်ကုန်မြို့ကနေ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေ၊ ဧရာဝတီ တိုင်းဒေသကြီး ဒေးဒရဲမြို့ကနေတစ်ဆင့် ဖျာပုံ၊ ဘိုကလေးမြို့တွေနဲ့ ကမ်းခြေဒေသတွေကို အလွယ် တကူ ဆက် သွယ်သွားလာနိုင်တော့မယ်လို့ သိရပါတယ်။



