တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် ကမ္ဘောဒီးယားအစိုးရသည် "ကျွန်ုပ်တို့ အိမ်သန့်ရှင်းရေး" (Clean Our House) ဆိုသော စီမံချက်ဖြင့် ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီ လဆန်းပိုင်းအထိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံခြားသားပေါင်း ၁၁၀,၀၀၀ ကျော် နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ကမ္ဘောဒီးယား ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးကော်မရှင် - CCTC ၏ အတွင်းရေးမှူးရုံး က ဖေဖော်ဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝန်းရှိ ဆိုက်ဘာမှုခင်းကျူးလွန်ရာ နေရာပေါင်း ၁၉၀ နှင့် ကာစီနိုရုံ ၄၄ ခုကို ပိတ်သိမ်းခဲ့သည်။ထို့ပြင် သံသယရှိသူပေါင်း ၂,၅၀၈ ဦးကို ဖမ်းဆီးခဲ့ပြီး တရုတ်၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရာဇဝတ် ကွန်ရက်များကို ဖြိုခွင်းခဲ့ကြောင်း၊ နိုင်ငံအတွင်းမှ ထွက်ခွာသွားသူများတွင် တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် စသည့် ၆ နိုင်ငံမှ နိုင်ငံသား စုစုပေါင်း ၁၁၀,၀၉၅ ဦး ပါဝင်ကြောင်း CCTC က အတည်ပြုသည်။



